Preview

တက္ကသိုလ်ကျောင်းများစတင်ဖွင့်လှစ်၊ စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၅၅ဒဿမ ၆၂ ရာနှုန်းတက်ရောက်

မေ ၀၅/ ၂၀၂၁ | ကြည့်ရှုသူ :9423
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)၊ သျှင်မင်းဇံ

နိရဉ္စရာ၊ မေ ၅ / ၂၀၂၁

 

ယနေ့တွင် တစ်နိုင်ငံလုံး၌ ရှိသော တက္ကသိုလ်ကျောင်းများကိုစတင်ဖွင့်လှစ်ခဲ့ရာ စစ်တွေ တက္ကသိုလ်တွင် ကျောင်းသားဦးရေ ၅၅  ဒဿမ ၆၂ ရာခိုင်နှုန်း ကျောင်းတက်ခဲ့သည်ဟု   စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဆရာတစ်ဦးက ပြောသည်။

 

စစ်တွေတက္ကသိုလ်၌ ယနေ့ ဖွင့်လှစ်ခဲ့သည့် အတန်းများမှာဝိဇ္ဇာ၊သိပ္ပံနောက်ဆုံးနှစ်အတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ ပဉ္စမနှစ်ဥပဒေတန်း၊ မဟာအရည်အချင်းစစ်အတန်း၊ပထမနှစ် မဟာအတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်းတို့ဖြစ်ပြီး အဆိုပါအတန်းများတွင် ကျောင်းသား ကျောင်းသူ ၉၁၇ ဦးရှိကြောင်း သူကပြောသည်။

 

ဒီအတန်းတွေမှာမှတ်ပုံတင်ထားတဲ့ ကျောင်းသား ကျောင်းသူဦးရေက ၉၁၇ ဦးရှိပါတယ်။ ဒီနေ့ ကျောင်းလာတက်တာက၅၁၀ ဦးရှိတဲ့ အတွက် စုစုပေါင်း တက်ရောက်တဲ့ ကျောင်းသားဦးရေက ၅၅ ဒဿမ ၆၂ ရာနှုန်းရှိပါတယ်ဟု သူက ပြောသည်။

 

ယနေ့ ကျောင်းဖွင့်ရာတွင် အတန်းများအားလုံးဖွင့်လှစ်ခြင်း မဟုတ်ဘဲ အတန်း (၆) ခုအတွက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

၅ လပိုင်း  ဒီနေ့မှာကျောင်းတွေ ပြန်ဖွင့်ပါဆိုပြီးတော့ ကျနော်တို့ ပညာရေးဦးစီဌာနကညွှန်ကြားချက်တွေရှိတယ်။ အဲဒါကြောင့် ကျနော်တို့ အတန်း ၆ တန်းကိုသင်ကြားပို့ချမှာဖြစ်ပါတယ်ဟုပြောသည်။

 

ယနေ့ တက်ရောက်လာသည့်ကျောင်းသားများမှာ မေလ ၅ ရက် ယနေ့မှစပြီး ဇွန်၁၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ဇွန်လ  ၂၂ ရက်နေ့တွင်  စာမေးပွဲစစ်မည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

 

ယခုကာလသည် ကိုဗစ်ကာလဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာသင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရှိ၇သည်။

 

ယနေ့တွင် စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကိုသာမက ကွန်ပျူတာတက္ကသိုလ်၊နည်းပညာ တက္ကသိုလ်တို့ကိုလည်း ဖွင့်လှစ်ခဲ့ကြောင်း သိရှိ၇သည်။

 

ယနေ့ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ရန်ရောက်ရှိလာသော နောက်ဆုံးနှစ် ကျောင်းသား တစ်ဦးက  ကျနော်တို့က ကျောင်းကိုအရင်ပြီးချင်တဲ့အတွက်လာတက်တာပါ။ ပြီးတော့ နောက်ထပ် အလုပ်အကိုင်တွေလျှောက်ထားလို့ရအောင် အဲဒါတွေကြောင့် လာတက်တာပါ။ အခုက ကျောင်းမပြီးသေးဘူးဆိုတော့ အလုပ်အကိုင်တွေလျှောက်၇တာတွေလည်း အဆင်မပြေဘူး ဟုပြောသည်။

 

ကျောင်းသားများသမဂ္ဂ နည်းပညာတက္ကသိုလ်မှ တွဲဖက်အတွင်းရေးမှူး(CEC) ကိုခိုင်စိုးလင်းက  ကျနော်တို့ကျောင်းမှာတော့ စာသင်၇မှာ မဟုတ်ဘူး။ ကျနော်တို့ အတန်းက ကျမ်းတင်ရမှာဖြစ်တယ်။ ဒီနေ့မှာတော့ ကျောင်းသားတချို့ရောက်လို့ရှိပါတယ်။သူတို့ကတော့ ကျောင်းတက်ဖို့ လာတာမျိုးတော့ မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးတိုင်ပင်ကြည့်ဖို့ လာတဲ့အခြေအနေပါဟုပြောသည်။

 

တက္ကသိုလ်ကျောင်းများကို ၂၀၁၉ ခုနှစ် ၃ လပိုင်းမှစတင်ကာကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ကြ၇ပြီး ယနေ့တွင် ပြန်လည်၍ စတင်ဖွင့်လှစ်ခြင်းဖြစ်သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.