စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ANP အနေဖြင့် နစကကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှုရပ်နားတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုမှုတရားမဝင်ဟု ဦးဖေသန်းပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.9k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေ ၅/ ၂၀၂၁

 

ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) နှင့် ဆက်စပ် ဆောင်ရွက်မှု ရပ်နားတော့မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုမှု ဗဟိုကော်မတီ အစည်းဝေး ဆုံးဖြတ်ချက် မဟုတ်သည့်အတွက် တရားမဝင်ကြောင်း ANP မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးဖေသန်းက ပြောသည်။

 

ဒါကို CEC က ဒီကိစ္စကို ဆုံးဖြတ်လို့မရဘူး။ ဗဟိုကော်မတီရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရဆိုရင် ပေါင်းဖို့၊ မပေါင်းဖို့ကို ဗဟိုကော်မတီကပဲ ဆုံးဖြတ်ရပါမယ်။ CEC သည် ဗဟိုကော်မတီအစည်းဝေးရဲ့ ဆုံးဖြတ်ချက်ကို ကျော်လွန်ပြီး လုပ်ရာရောက်ပါတယ်။ အဲဒါကြောင့် အခု CEC အစည်းဝေးက ဆုံးဖြတ်ချက်ဟာ နစကကောင်စီနဲ့ ပူးပေါင်းမှုကို ရပ်တန့်ဖို့ဆိုတာဟာ CEC ရဲ့ သဘောထားသာ ဖြစ်တယ်။ အမှန်တကယ် တရားဝင်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး။ တရားဝင်ဆုံးဖြတ်ချက်က ဗဟိုကော်မတီအစည်းဝေးကပဲ ဆုံးဖြတ်ရပါမယ်။ အဲဒါကြောင့် အခုထုတ်ပြန်ချက်ဟာ တရားမဝင်ဘူးလို့ ပြောချင်ပါတယ်ဟု ပြောသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာ မြောက်ဦးမြို့တွင် ပြုလုပ်ခဲ့သည့် ANP     အစည်းဝေးတွင်လည်း နစက၏ လုပ်ဆောင်မှုများကို သဘောမကျခဲ့လျှင် ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့်သာ ဆက်ပူးပေါင်းသင့်/ မသင့်ကို ဆုံးဖြတ်ရမည် ဖြစ်ကြောင်းကိုလည်း ဆုံးဖြတ်ထားကြောင်း ဦးဖေသန်းက ပြောသည်။

 

ဦးသာထွန်းလှ၊ ဦးခိုင်ပြည်စိုး အပါအဝင် မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ၈ ယောက်ရှိတဲ့အထဲက အခုလို ဆုံးဖြတ်တာကို ၆ ယောက်က သဘောမတူညီကြဘူး။ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ၆ ယောက်က ဒီဆုံးဖြတ်ချက်အပေါ်မှာ ဒါဟာ လုပ်ထုံးလုပ်နည်း မှားယွင်းတယ်လို့ ဆုံးဖြတ်ကြတယ်။ အစည်းဝေးလုပ်ဖို့ဆိုပြီးတော့ ကျွန်တော့်ကိုတော့ ပြောခဲ့ပါတယ်။ ကျွန်တော်က ရန်ကုန်ရောက်နေလို့ ဒီအစည်းဝေးကို မတက်နိုင်ခဲ့ဘူး။ အဲဒီမှာ အခုလို ဆုံးဖြတ်လိုက်ကြတာဟု ပြောသည်။

 

ANP အနေဖြင့် နစကနှင့် ဆက်စပ်ဆောင်ရွက်မှု ရပ်နားတော့မည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက စစ်တွေရှိ ပါတီဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားခဲ့ပြီးနောက် ANP မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးဖေသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နစကနှင့် ပူးပေါင်းလုပ်ဆောင်မှုမှာ တောင်းဆိုထားသည့် အချက်များကို တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိခြင်း၊ ရခိုင်အမျိုးသားအကျိုးစီးပွားအား တစ်စုံတစ်ရာ အကျိုးစီးပွား တိုးတက်မှုမရှိသောကြောင့် ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်ရန် အစီစဉ်မရှိတော့ကြောင်းကို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ဦးဖေသန်း၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအား နိရဉ္စရာမှ ဆက်သွယ် မေးမြန်းခဲ့ရာ ဦးဖေသန်းရဲ့ သဘောထား မှတ်ချက်ကိုတော့ ကျွန်တော်က ဘာမှ မပြောလိုဘူး။ သူ့မှာ တစ်ယောက်တည်း ပုဂ္ဂလိက အမြင်ပဲ ရှိမှာပေါ့။ ဦးဖေသန်းက အစည်းဝေးကိုလည်း မရောက်ဘူး။ ခွင့်တိုင်ထားတာ။ သူ့မှာ ကိုယ်တစ်ယောက်တည်း မြင်တာကိုပဲ ပြောတာနေမှာပေါ့ဟု ပြောသည်။

 

ANP အနေဖြင့် နစကကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှု ရပ်နားတော့မည်ဟု ဆုံးဖြတ်သည့် အစည်းဝေးသို့ ဦးခိုင်ပြည်စိုး၊ ဦးစံကျော်လှနှင့် ဦးသာထွန်းလှတို့ တက်ရောက်ခဲ့ကြကြောင်း ၄င်းဦးသာထွန်းလှက ပြောသည်။

 

ANP ပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီတွင် ဦးသာထွန်းလှ၊ ဦးခိုင်ပြည်စိုး၊ ဦးဘရှိန်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်အေးနုစိန်၊ ဦးစံကျော်လှ၊ ဦးဖေသန်းနှင့် ဦးလှစောတို့ပါဝင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ