သျှင်မင်းဇံ
နိရဉ္စရာ၊ မေလ ၇/၂၀၂၁
ရခိုင်ပြည်နယ်၏ စီးပွားရေးအချက်အချာကျသည့်စစ်တွေမြို့တွင် (၂၄) နာရီ ဝန်ဆောင်မှုပေးနေသည့်ဘဏ်များ၏ ATMစက်များ၌ ငွေထုတ်၍ မရခြင်း၊ ဘဏ်က ငွေလိုသလောက် ထုတ်ယူ၍မ၇ခြင်းတို့ကြောင့် ပြည်သူများ အထူး အခက်အခဲဖြစ်နေကြောင်းသတင်းရရှိသည်။
လက်ရှိအချိန်တွင် ဘဏ်စာအုပ်ဖြင့် ငွေထုတ်ယူရာတွင်တစ်နေ့ကို ကျပ် ၂ သိန်းသာ ခွင့်ပြုပြီး ATM ကဒ်ဖြင့် ငွေထုတ်ရာတွင်လည်း တစ်နေ့ကို ကျပ် ၂ သိန်းသာ ထုတ်ယူရရှိသည်ဟုသိ၇သည်။.
ATM ကဒ်ဖြင့် ငွေထုတ်ရာတွင်လည်း စက်များတွင် ငွေမရှိခြင်း၊ စက်ပျက်နေခြင်းများကြောင်းငွေထုတ်မရဖြစ်နေကြရသည်ဟု ဘဏ်ငွေစာရင်းဖွင့်ထားသူများက ပြောကြားသည်။
“ အခုဆိုရင် KBZ က စစ်တွေမှာ ATM စက် ၅ လုံး စလုံးပျက်နေတယ်။ ဒီနေ့ စက်တစ်လုံးမှ ထုတ်လို့ မရဘူး။စာအုပ်နဲ့ သွားထုတ်ရင်လည်း ၂ သိန်းသာခွင့်ပြုတယ်။ ဒီငွေ ၂ သိန်းရဖို့ တန်းစီစောင့်နေရတယ်။ငွေထုတ်၇တာ သိပ်အခက်အခဲဖြစ်နေပြီ” ဟု မေလ ရ ရက်နေ့က KBZ ဘဏ်သို့ ငွေထုတ်ရန်လာသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာ့နိုင်ငံဗဟိုဘဏ်က မတ်လ ၁ ရက်နေ့ကစတင်ပြီး လူပုဂ္ဂိုလ်များ ဘဏ်ထဲမှ အပ်ထားသည့် ငွေထုတ်ယူသည့်အခါ ATM ကနေ ငွေသားထုတ်ယူခြင်းကို တစ်ရက်လျှင်အများဆုံး ကျပ် ၅ သိန်းနှင့် ဘဏ်စာရင်းများက ငွေထုတ်ယူမည်ဆိုလျှင် လူတစ်ဦးကို တစ်ပတ်အများဆုံးကျပ်သိန်း ၂၀ အထိ ထုတ်ယူရန် ခွင့်ပြုခဲ့ပြီး စီးပွားရေး ကုမ္ပဏီများ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများကို သီတင်းပတ် တစ်ပတ်မှာ အများဆုံးကျပ် သိန်း ၂၀၀ အထိ ထုတ်ယူနိုင်ကြောင်းကန့်သတ်ခဲ့သည်။
လက်ရှိတွင် ထိုပမာဏကို ထုတ်ယူခွင့်မပြုတော့ဘဲ ATM ကနေ ငွေသားထုတ်ယူခြင်းကို တစ်နေ့လျှင် အများဆုံး ကျပ် ၂ သိန်းနှင့်ဘဏ်ကိုသွား၍ မိမိဘဏ်စာရင်းများက ငွေထုတ်ယူမည်ဆိုလျှင် လူတစ်ဦးကို တစ်နေ့ ၂ သိန်း၊ တစ်ပတ်အများဆုံးကျပ်သိန်း ၁၀ အထိသာ ထုတ်ယူခွင့်ရရှိသည့်အတွက် အများစွာအခက်အခဲရှိကြောင်း ငွေထုတ်လာသူတစ်ဦးကနိရဥ္စရာကို ပြောသည်။
GetRide ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက “အဓိက အချိန်ပေါ့။ ဘဏ်ကို ငွေသွားထုတ်ရင် တစ်ရက်လုံး အချိန်ပေးရတယ်။လိုသလောက်လည်း မ၇လာဘူး။ ATMကလည်း ခဏခဏ ပျက်နေတာနဲ့ ပိုက်ဆံမရှိတာနဲ့ ကြုံ၇တယ်။ နောက်ပြီးငွေ ၂ သိန်း၇ဖို့အတွက်လည်း လူတွေ ၂၀၊ ၃၀ လောက်တန်းစီးပြီးထမင်းမစား ဟင်းမစား စောင့်နေရပါတယ်။ အဓိကတော့ တိုင်းပြည်ပျက်လည်း ငွေကသုံးဖို့လိုပါတယ်။ငွေမလည်ပတ်ဘူးဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်တယ် ” ဟု ပြောသည်။
ပြီးခဲ့လအတွင်း ဘဏ်များဖွင့်ချိန်ကိုနံနက် ၉ နာရီခွဲကနေ ၁၂ နာရီသတ်မှတ်ထားခဲ့သော်လည်းလက်ရှိ အချိန်တွင် သတ်မှတ်ချိန်မရှိတော့ဘဲ ငွေထုတ်လာသည့် လူအနည်းအများအပေါ် မူတည်၍ဘဏ်ကို ပိတ်ထားလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။
နောက်ထပ် KBZ ဘဏ်ခွဲ (၃) ကို ATM ကဒ်ဖြင့် ငွေလာထုတ်လာသူတစ်ဦးကလည်း“မနေ့က လူအများကြီး တန်းစီးပြီး စောင့်နေ၇တယ်။ အများကြီး ၃၀ ကျော်လောက်ရှိမယ်။ငွေ ၂ သိန်းရဖို့စောင့်နေရတာ တစ်ရက်ကုန်သွားတယ်။ ငွေလည်း မ၇ခဲ့ဘူး။ ကုန်မှာပေါ့ ငွေလိုအပ်လို့ထုတ်နေကြတာ တစ်တည်းမဟုတ်တာ။ အခုက KBZ ATM စက်တစ်လုံးလည်းမ၇တော့ဘူး။ KBZက လူအသုံးများတာ အခုလိုပျက်နေတော့ ငွေထုတ်လာသူတွေ ဒုက္ခရောက်မှာပေါ့။” ဟု နိရဉ္စရာကို ပြောသည်။
ဘဏ်များက ငွေထုတ်ယူခြင်း ဝန်ဆောင်မှုများကိုကန့်သတ်လိုက်ခြင်းကြောင်း အခြားသော ငွေလွှဲငွေထုတ်လုပ်ဆောင်ပေးနေသည့် Wave Money ဝန်ဆောင်မှုလည်း အဆင်မပြေဖြစ်နေကြောင်း ငွေလွှဲငွေထုတ်လုပ်ငန်းလုပ်ဆောင်နေသူ ဒေါ်မြသဇင်အေးက ပြောသည်။
“အရင်က Wave Moneyနဲ့ သိန်း ၁၀၊ သိန်း ၂၀ ထုတ်ပေးလို့၇တယ်။ အခုက လုံး၀အဆင်မပြေဘူး။ကျွန်မတို့မှာ WaveMoney က ရိုးမဘဏ်နဲ့ ချိတ်ထားတာ။ အဲဘဏ်ကလည်းငွေကို လိုသလောက်မ၇ဘူးလေ။ အဲကြောင့် Wave Money နဲ့ ငွေအများဆိုလုံး၀ထုတ်ပေးဖို့ အဆင်မပြေဘူး။ တစ်ပတ်လုံးကိုမှာ ငွေ ၁၀ သိန်းဆိုရင် လုံး၀ ရုန်းမ၇ဖြစ်နေတယ်။အခုပေးနေတဲ့ ဝန်ဆောင်မှုထက် နည်းနည်း တိုးလုပ်ပေးစေချင်ပါတယ်။ တစ်ပတ်ကို သိန်း ၅၀ လောက်ပေါ့” ဟု ပြောသည်။
ဘဏ်ဝန်ဆောင်မှုလုပ်ရာတွင် ငွေကိုတိုးထုတ်ခွင့်မပေးလျှင် ငွေပုံပေါ်ထိုင်ပြီး လုပ်ငန်းများကို ရပ်ထား၇မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဘဏ်တချို့က ဘဏ်မန်နေဂျာများကို နိရဉ္စရာ သတင်းဌာနကကိုယ်တိုင်သွားရောက် မေးမြန်းခဲ့ရာ အလုပ်များနေခြင်း၊ Zoom Meeting လုပ်နေခြင်းတို့ကြောင့် တွေ့ဆုံမေးမြန်းခွင့် မရရှိခဲ့ပါ။
လက်ရှိမှာ ဧရာ၀တီဘဏ်၊ CB ဘဏ်၊ အင်း၀ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် ရိုးမဘဏ်များတွင် ၂၄နာရီ ဝန်ဆောင်မှုပေးသည့် ATMစက်များ တိုးချဲ့ဆောက်လုပ်ပေးသင့်ကြောင်း၊ ပြည်သူလူထုများအသုံးပြုမှုများနေသည့် KBZဘဏ်များရှိ ATM စက်များကိုလည်း ငွေမပြတ်အောင် လုံလုံလောက်လောက် ထည့်ပေးထားသင့်ကြောင်း၊နောက်ပြီး လက်ရှိဘဏ်ဝန်ဆောင်မှုများကို တိုးပေးဖို့အကြောင်းကိုလည်း ငွေထုတ်လာသူများကပြောသည်။