ဆောင်းဇာခြည်
နိရဥ္စရာ၊မေ ၁၂/ ၂၀၂၁
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်အုပ်စု၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့်အမျိုးဆွေရွာလည်ပွဲကို ယခုနှစ်တွင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါကျေးရွာတွင် အမျိုးဆွေရွာလည်ပွဲကို လာမည့် ဇွန်လ ၅ ရက်မှ ၆ ရက်နေ့အထိ နှစ်ရက်ကြာ စည်ကားစွာကျင်းပသွားမည်ဖြစ်ကြောင်း ရမ်းပေါက်ကုန်ဘောင်ကျေးရွာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှဥက္ကဋ္ဌ ဦးရွှေတင်က ပြောသည်။
“ဒီပွဲကရိုးရာအစဉ်အလာအတိုင်း လုပ်လာတဲ့ပွဲပါ။ ကျွန်တော့်မိဘတွေရဲ့ ဘိုးဘွားလက်ထက်ကတည်းက ဒီပွဲကိုလုပ်ခဲ့တာပါ။ အခု ကျွန်တော်တို့က မိရိုးဖလာ လုပ်လာတဲ့ပွဲကို အစဉ်အလာမပျက်ရအောင် ကျွန်တော်တို့ကထိန်းသိမ်းစောင့်ရှောက်တာပါ။ မိုးဥမရောက်ခင် လယ်သမားမိသားစုတွေ တွေ့ဆုံပြီး ပျော်ပွဲရွှင်ပွဲ၊မိတ်ဆက်ပွဲလိုမျိုးလုပ်တာပါ” ဟု ပြောသည်။
ယင်းကျေးရွာသားများကထူးထွေဆန်းပြား ထိုအမျိုးဆွေရွာလည်ပွဲတွင် ဝတ်စားဆင်ယင်မှုအမျိုးမျိုးကိုပုံဖော်ဝတ်ဆင်ပြီး ဆံပင်၊ မျက်နှာများကို အရောင်မျိုးစုံ ခြယ်သပြင်ဆင်ကာ ရွာတောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆွေပြမျိုးပြအဖြစ် သွားရောက် လည်ပတ်ကြသည့် ပွဲဖြစ်ကြောင်း သူက ပြောသည်။
“ကျွန်တော်တို့ရွာမှာတောင်ပိုင်းနဲ့ မြောက်ပိုင်းရှိပါတယ်။ ပထမနေ့ ပွဲနေ့ကိုရောက်ရင် တောင်ပိုင်းကလူတွေကမြောက်ပိုင်းကိုလာ၊ နောက်နေ့ကျရင် မြောက်ပိုင်းကလူက တောင်ပိုင်းကိုလာ။ အဲလိုမျိုးပေါ့။ဆိုင်းတွေ၊ ဗုံတွေတီးခတ်ပြီး အကုန်လုံး ပျော်ပျော်ရွှင်ရွှင်လုပ်ကြတာပါ။ အဲဒီနေ့ကိုရောက်ရင်ဘယ်သူပဲဖြစ်ဖြစ် ဝတ်စားဆင်ယင်မှုပုံစံကို ကြိုက်သလိုဝတ်လို့၇ပါတယ်” ဟု၄င်းက ဆက်ပြောသည်။
အဆိုပါပွဲကိုရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နှင့် မြေပုံ စသည့်မြို့နယ်များကဒေသခံများ လာရောက်ပြီး လူပေါင်း ထောင်နှင့်ချီဆင်နွှဲသောပွဲဖြစ်ကြောင်းလည်း သိ၇သည်။
ထိုပွဲကိုအရပ်လူကြီးများနှင့် လူပျို၊ အပျိုများ စုစည်းဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း လယ်တောမဝင်မီအချိန်ဇွန်လအတွင်း၌ ကျင်းပပြုလုပ်လေ့ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ကိုဗစ်-၁၉ ရောဂါကြောင့်ယင်းပွဲကို မကျင်းပလိုက်ရကြောင်း သိ၇သည်။
ယင်းကျေးရွာတွင်အိမ်ထောင်စု ၂၅၂ စုနှင့် လူဦးရေ ၁၁၉၈ ဦးရှိကြောင်း သိ၇သည်။
ဓါတ်ပုံ-မိုးရွှေရီ