စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

ဂွ NLD မှ ဦးရဲခေါင်ညွှန့်အမှု လိုပြသက်သေမရောက်၍ မေ ၂၁ ရက်နေ့သို့ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

ထက်အောင်

နိရဉ္စရာ၊ မေ ၁/ ၂၀၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်အမှုကို နောက်ဆုံး လိုပြသက်သေမရောက်သဖြင့် မေလ ၂၁ ရက်နေ့သို့ ထပ်မံရုံးချိန်းပေးလိုက်သည်ဟု သတင်းရရှိသည်။

ယနေ့ မေလ ၁၄ ရက်နေ့ က ဂွမြို့နယ် တရားရုံးတွင် ဦးရဲခေါင်ညွှန့် အမှု၌ ပါဝင်သည့် လိုပြသက်သေ ဦးအထဲမှ နောက်ဆုံးလိုပြသက်သေကို စစ်ဆေးရန်ရှိသော်လည်း ၎င်းသက်သေ ရောက်မလာသဖြင့်  လာမည့် မေလ ၂၁ ရက်နေ့ကို ရုံးချိန်းထပ်ခေါ်လိုက်ကြောင်း ဦးရဲခေါင်ညွှန့်တို့အမှုကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

နေ့က  ရုံးချိန်းကတော့ ထူးခြားချက်သိပ်မရှိဘူး။ ပုံမှန်အတိုင်းပဲပေါ့။ ဦးရဲခေါင်ညွှန့်အမှုက ၅၀၅ (ခ) သက်သေမလာတော့ အမှုမစစ်ဖြစ်ဘူး။ သူ့ကျန်းမာရေးကလည်းကောင်းပါတယ်။ ကျမ တာဝန်ယူရတာက အမှု နှစ်မှုရှိတယ်။ ကိုရဲခေါင်ညွှန့်နဲ့ ဦးစိုးလှိုင် (ခ) ဦးလူနီ သူတို့နှစ်ယာက်အမှုကို တာဝန်ယူရတယ်ဟု ပြောသည်။

လက်ရှိ ဂွမြို့နယ်မှ တရားစွဲဆို ခံထားရသူများမှာ NLD ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်၊ ဂွမြို့ ရွာမ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလှိုင် (ခ) ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ကိုနိုင်လင်းတို့ ဖြစ်ကြောင်း သိရသည်။

ဦးရဲခေါင်ညွှန့်၏ ဇနီး ဒေါ်ခင်ထားနွယ်က အမှုအခြေအနေက ထူးခြားမှု မရှိဘူ။ တရားလိုပြသက်သေတွေကို စစ်နေတယ်။ ဒီကနေ့ရုံးချိန်းမှာတော့ လိုပြသက်သေမရောက်ဘူး။ အခုအချိန်ထိ သူ့ရဲ့အမှုအခြေအနေတွေကို ဘာမှ တိတိကျကျမသိရသေးဘူး။ သူ့ကိုလည်း စစ်ဆေးတာတွေ မလုပ်ရသေးဘူးဆိုတော့ သူ့ကို ဘယ်အတိုင်းအတာထိ တရားရုံးက ဆုံးဖြတ်ချက်ချမလဲဆိုတာ စိုးရိမ်မိပါတယ်။ သူနဲ့တော့ တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် တွေ့ခွင့်ရတယ်။ ဒီနေ့ ရုံးချိန်းမှာတော့ လူချင်းမတွေ့လိုက်ဘူး။ အဝေးကပဲ မြင်လိုက်ရတယ် ဟု ပြောသည်။

သူတို့ထဲမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲခေါင်ညွှန့်နှင့် ဦးလူနီ (ခ) ဦးစိုးလှိုင် တို့ (၂) ဦးအား နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅(ခ)၊ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ဦးနိုင်လင်း အား နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(က)နှင့် ဦးအောင်စိုးမင်းကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅၊ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ တို့ဖြင့် ဂွမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရပြီး လက်ရှိအချိန်ထိ အမှုရင်ဆိုင်နေရသည်။

အမှုနှစ်ခုနှင့် တရားစွဲခံထားရသည့် ဦးအောင်စိုးမင်း အမှုမှာ သက်သေမရောက်လာသောကြောင့် သက်သေပယ်ဖျက်ထားကြောင်းနှင့်  ဦးနိုင်လင်းအမှုတွင် လိုပြသက်သေ (၂) ယောက်စစ်ဆေးဆဲဖြစ်ကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။

ဦးရဲခေါင်ညွှန့် အပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(က)နှင့် (ခ) စွဲဆိုခံထားရသည့် အမှုများမှာ ဂွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးကျော်လင်းမှ တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ဦးရဲခေါင်ညွှန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညက နေအိမ်ကနေ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းသွားခြင်းဖြစ်ပြီး ကျန်(၃) ဦးကိုတော့ လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းက စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်ပါသည်။

 

ဆက်စပ် သတင်းများ