ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၁၇/ ၂၀၂၁
ယခုလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် လက်နက်များစမ်းသပ်ပစ်ခတ်မည်ဟုဆိုကာ မြောက်ဦးမြို့နယ်ရှိ ကျေးရွာ ၁၀ ကျော်မှဒေသခံများအား အနီးအနားရှိ တောတောင်များသို့ မသွားကြရန် နစကကောင်စီမှ ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကျေးရွာ ၁၀ ကျော်မှာ ရွာဟောင်းတောကျေးရွာ၊မောင်သာကုန်း၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ ကြာချေရွာ၊ ချောင်းသစ်၊ ရော်မနီ၊ ပီပင်ကုန်း၊သရက်အုပ်နှင့် သင်္ဘောဆိပ် (ချင်း) ကျေးရွာအပြင် မြောက်ဦးမြို့ပေါ်ရှိ လက်ကောက်ဈေးရပ်ကွက်လည်းပါဝင်ကြောင်း ရွာဟောင်းတောကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သိန်းကျော်ကပြောသည်။
“ခေတ်မီလက်နက်တွေစမ်းပစ်ခတ်ဖို့ဆိုပြီး အနားမှာရှိတဲ့ တောတောင်တွေဘက်ကို နွားရှာ၊ ကျွဲရှာ ဟင်းရှာ၊ငါးရှာ မသွားကြဖို့ မှာထားပါတယ်။ ဒါကို သူတို့ဆီက စာလည်း ပေးထားပါတယ်။ ဒီနေ့ဆိုရင်ရွာဆော်တွေက ရွာထဲမှာ ဒါကို သတိပေး ကျေညာ ထားပါတယ်။လက်ကောက်ဈေးရပ်ကွက်နဲ့ အဲဒီအနီးတဝိုက်နဲ့က နည်းနည်း နီးပါတယ်” ဟုပြောသည်။
ယခုလ မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင်မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ တည်ရှိသည့် (၃၁) ရဲတပ်ရင်းမှ ခေတ်မီလက်နက်ကြီး၊လက်နက်ငယ် များအားအဆိုပါ ကျေးရွာများ အနီးရှိ ခေါင်းဖြူတောင်ကွင်းဘက်သို့ စမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
အဆိုပါ လက်နက်ကြီး၊ လက်နက်ငယ်များစမ်းသပ်ပစ်ခတ်မည့်ကွင်းပြင်အနီး ဒေသခံများ ငါးရှာသွားသည့် ချောင်းနှင့်တောင်တန်များရှိသည့် အပြင် လူသွားလူလာများလည်း ရှိကြောင်း မောင်သာကုန်းကျေးရွာ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်းက ပြောသည်။
“အဲဒီအနားမှာတောင်လည်းရှိတယ်။ ရွာသားတွေ ငါးရှာ၊ ဖားရှာ သွားတဲ့ ချောင်းလည်းရှိတယ်။ နောက်ပြီး အဲဒီဘက်ကရွာတွေကိုသွားတဲ့လမ်းလည်းရှိတယ်။ အဲဒီလက်နက်ကြီး ပစ်မယ့်နေ့ကိုရောက်ရင် တောင်ဘက်တွေကို နွားတွေဘာတွေရှာတာတို့ တောင်ပေါ်တက်ကြတာတွေ မလုပ်ဖို့ အထက်လူကြီးတွေဆီက မှာကြားထားပါတယ်” ဟုပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲတပ်ဖွဲ့အားနိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။