ဆောင်းဇာခြည်
နိရဥ္စရာ၊ မေ ၂၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ကမ်းထောင်းကြီး၊ အလယ်ပိုင်းရပ်ကွက်တွင် မုန့်ကြော်ရာမှ မီးလောင်မှုဖြစ်ပွား၍ နေအိမ်၁၄ လုံးမီးလောင် ကျွမ်းသွားကြောင်း သတင်းရရှိသည်။
ယနေ့ မေလ ၂၀ ရက်နေ့ အရုဏ်တက်အချိန်၃ နာရီခန့်တွင် အလယ်ပိုင်းရပ်ကွက်ရှိ ဦးမောင်မောင်ချေ၏ အိမ်တွင် မုန့်ကြော်ရာမှ မီးလောင်ကျွမ်းသွားခြင်းဖြစ်ကြောင်းမီးလောင်ရာတွင် နေအိမ်ပါသွားသည့် ဦးမောင်လုံးက ပြောသည်။
“မောင်မောင်ချေတို့က မုန့်ရောင်းတယ်။ငှက်ပျောသီးကြော်တို့ဘာတို့ ကြော်ရောင်းတယ်။ မနက်အစောကြီးထပြီး ကြော်၇တာ။ အဲဒီမှာ ထင်းမီးက တစ်ဆင့် လောင်သွားတာ။ ကျွန်တော့်မှာတော့အိမ်နောက်ဖေး အခြမ်းပါသွားတယ်။ အရှေ့ဘက်အခြမ်းက မပါလိုက်ဘူး။ ကျန်တဲ့သူတွေ အကုန်လုံးမှာတော့ပြာကျသွားပါတယ်။ အိမ်တွေက အကုန်လုံး သစ်သားအိမ်တွေချည်းပဲ” ဟု ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့်ဆုံးရှုံးမှုတန်ဖိုးမှာ ၈၅၇၀၀၀ (ရှစ်သိန်းငါးသောင်းခုနှစ်ထောင်) ကျပ်ခန့် ဆုံးရှုံးသွားကြောင်းမြောက်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးခိုင်ဇော်ဟိန်းက ပြောသည်။
“မီးလောင်သွားလို့ အဲဒီ မီးလောင်သွားတဲ့နေအိမ် ၁၄ ဆောင်က လူတွေက သူတို့ရဲ့ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ နေနေကြရပါတယ်။ မုန့်ကြော်ရာကနေဆီအိုးကတစ်ဆင့် နံရံကို ကူးပြီး လောင်တာပေါ့” ဟု ပြောသည်။
ယင်းမီးလောင်ကျွမ်းမှုဖြစ်သည်ဟုသတင်း၇သည်နှင့် ကမ်းထောင်းကြီးမီးသတ်ဌာနမှ မီးသတ်ကားတစ်စီးမှာ ၄ နာရီခန့်က သွားရောက်ငြိမ်းသတ်ပေးခဲ့ပြီး ၅ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သူက ဆက်ပြောသည်။