ထက်အောင်
နိရဉ္စရာ၊ မေ ၂၈/၂၀၂၁
အိန္ဒိယနိုင်ငံအတွင်းသို ဖြတ်ကျော်ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် Yaasကြောင့်၇ခိုင်ပြည်နယ်တွင် လူပေါင်း ၁၀၀၀ခန့် ကို ထိခိုက်နစ်နာမှုရှိခဲ့ပြီး အများစုမှာ စစ်ဘေးရှောင်များ ဖြစ်ကြသည်ဟု သတင်းရရှိသည်။
မြောက်ဦးမမြို့နယ်စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် နေအိမ်တဲအလုံးပေါင်း ၁၃၇ လုံးပျက်စီးပြီးလူပေါင်း (၈၀၀) ခန့် နေထိုင်ရန် အခက်အခဲဖြစ်ပေါ်နေသည်ဟု စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးညီပုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးညီပုက" လေပြင်းတိုက်လို့ အခေါင်တွေ အမိုးတွေ လှန်သွာတယ်။ မိုးလည်းရွာတယ်ဆိုတော့ နေရာထိုင်ခင်းတွေအခက်အခဲရှိတယ်။ နေ၇တာကတော့ ဆွေမျိုးတွေနဲ့နီးစပ်ရာအိမ်တွေမှာ နေကြတယ်" ဟု ပြောသည်။
ထိုသို့ စစ်ဘေးရှောင်များ နေထိုင်ရေး အခက်အခဲဖြစ်ပေါ်နေသဖြင့်အမြန်ဆုံး အမိုးအကာအောက် ပြန်လည် ရောက်ရှိရေး သက်ဆိုင်ရာက ဆောင်ရွက်ပေးစေလိုသည်ဟု ပြောသည်။
မြောက်ဦးမြို့နယ်၊ပီပင်ရင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသိန်းကျော်မျှက" လေပြင်းတိုက်လို့ ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာတော့ တဲအိမ်၁၅ ဆောင်ပျက်သွားတယ်။ အဲဒီမှာ လူဦးရေက (၅၀) အိုးအိမ်မရှိ ဖြစ်သွားကြတယ်။ အဆောင်တွေပျက်သွားတော့သူတို့က နီးစပ်ရာအခန်းတွေမှာ နေကြတယ်။ ပျက်စီးသွားတဲ့တဲအိမ်တွေကို ပြန်တည်ဆောက်ဖို့ အကူအညီလိုနေတယ်။ ပြီးတော့ မိုးရွာလို့ ပျက်စီးစပြုလာတဲ့ အိမ်တွေလည်းရှိတယ်"ဟု ပြောပြသည်။
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ၇ခိုင်က စစ်ဘေးရှောင်စခန်း (၅) ခုတွင် တဲအိမ် (၈၅၀) ကျော် ပျက်စီးခဲ့သည်။ ၎င်းစစ်ဘေးရှောင်စခန်းများမှာ မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်း၊ပီပင်ရင်း၊ ဝက်လှ ကျောက်တော်မြို့နယ်မှ ဝါးတောင်နှင့် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတို့ ဖြစ်ကြသည်။
အများစု စစ်ဘေးရှောင်နေအိမ်များကို ဓနိမိုး၊ ဝါးနှင့် တာပေါ်လင် ထရံကာတဲအိမ် အမျိုးအစားများဖြစ်ကြသည်ဟု သိ၇သည်။
မေလ ၂၆ ရက်နေ့က လေပြင်တိုက်ခတ်မှုနှင့်အတူ ၇ခိုင်ပင်လယ်ပြင်အတွင်းလှိုင်းကြီးမှုကြောင့် ပင်လယ်ကမ်းခြေအနီးတွင်ရှိသည့်မြေပုံမြို့နယ်၊ ပြင်ဝန်ကျေးရွာမှ လူနေအိမ် (၁၀) လုံးနှင့် ပေါက်တောမြို့နယ်၊သဲခုံကျေးရွာမှ နေအိမ် (၃၂) လုံးလောက် ပျက်စီးသွားကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံကသိ၇သည်။
မြေပုံမြို့နယ်၊ကျွန်းသာယာကျေးရွာအုပ်စု၊ ပြင်ဝန်ကျေးရွာ ဒုတိယဥက္ကဌဦးမောင်မောင်ဆန်းက“ မနေ့ကဖြစ်စဉ်က လေကအဲလောက်မပြင်ဘူး။ ပင်လယ်ရေလှိုင်းက မျက်လုံးမဖွင့်ကြည့်ရဲအောင်ကြီးသွားပါတယ်။ ကမ်းစပ်အနီးမှာနေတဲ့ ဈေးအရောင်းဆိုင် (၆)ဆိုင်လောက်ပါသွားတယ်။ ကျန်တဲ့ ရေလုပ်သားတွေရဲ့ အိမ်တွေ လည်း လှိုင်းဒဏ်မှာပါသွားတယ်။ စက်လှေ လည်းတစ်စီး လှိုင်းနဲ့အတူ မျောပါသွားတယ်။ အပျက်အစီးများတယ်” ဟု ပြောသည်။
ပေါက်တောမြို့နယ်၊သဲခုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ ကျနော်တို့ရွာမှာမိုးရာသီရောက်လို့ လေပြင်းတိုက်ပြီး လှိုင်းကြီးပြီဆိုရင်တရွာလုံးရေပြည့်တယ်။ ဒါက ရွာသူ၊ ရွာသားတွေ အတွက် သိပ်ကိုအန္တာရာယ်များ ပါတယ်။ မုန်တိုင်း ဖြတ်မယ့်ရက်တွေဆိုရင် တစ်ရွာလုံးအထုတ်အပိုးတွေနဲ့ထွက်ပြေး၇တယ်။ ဒါကို သက်ဆိုင်ရာအကြီးအကဲတွေအနေနဲ့ လှိုင်ဒဏ်ကာကွယ်နိုင်တဲ့ဟာတွေ ဆောက်လုပ်ပေးဖို့အကူအညီတောင်းချင်ပါတယ်။” ဟုသက်ဆိုင်ရာ အာဏာပိုင်များကို အကူအညီ တောင်းဆိုသည်။
အဆိုပါ မုန်တိုင်းကြောင့် ထိခိုက်မှုများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဦးသန်းထွန်းက နိရဉ္စရာကဆက်သွယ်ရာ အပျက်အစီးနှင့် အထိခိုက်စာရင်း မ၇သေးဟု ပြောကြားသည်။
“ အဲဒါကမြို့နယ်ခရိုင်အဆင့်တက်လာပါလိမ့်မယ်။ မြို့နယ်က ဘယ်လိုစီစဉ်နေတယ်ဆိုတာ မသိသေးဘူး။ဘယ်လောက်ပြိုတယ်၊ ပျက်စီးဆုံးရှုံးမှုဘယ်လောက်ရှိတယ်ဆိုတာကို သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က တင်ပြ၇မှာပေါ့။ လောလောဆယ်တော့ တင်ပြလာတာမရှိသေးဘူး။တင်ပြလာရင်တော့ ကူညီသွားဖို့ရှိပါတယ်။” လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ယာစ်သည် မေလ ၂၆ ရက်နေ့က အိန္ဒိယနိုင်ငံ အနောက်ပိုင်းကမ်းခြေ Odisha ဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်လည်း မုန်တိုင်းကြောင့် အထိအခိုက် အပျက်အစီးများရှိခဲ့သည်။