နေပြည်တော်မှရခိုင်သို့ ကြွလာသည့်ဆရာတော်ကြီးတစ်ပါး ကားမတော်တဆမှုကြောင့် ပျံလွန်တော်မူ


ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၅/ ၂၀၂၁

 

နေပြည်တော်မှ ရခိုင်သို့ ကြွလာသည့် ဆရာတော်တစ်ပါး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း အဝေးပြေး ကားလမ်းပေါ်တွင် စီးလာသောကားချောက်ထဲထိုးကျသွား၍ နေရာ၌ပင် ပွဲချင်းပြီး ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

 

ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ နေပြည်တော်၊ ပုပ္ပါးသီရိမြို့နယ်အတွင်း ကျောင်းထိုင်နေသည့် သက်တော် ၇၉ တော်ရှိ ဦးဉာဏဒစ ဖြစ်ကြောင်း အမ်းမြို့နယ် လုံးကောက်အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်စိုးက ပြောသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က ဆရာတော်စီးလာသည့် ိမ်စီးမှန်လုံကားငယ်မှာ  အမ်းမြို့နယ်အတွင်း  တောင်ကုတ်-အမ်း-ကျောက်ဖြူ အဝေးပြေးလမ်း ၅ မိုင် ၁ ဖာလုံသို့ အရောက်တွင် ကားမောင်းလာသူက ကားကို အရှိန်မထိန်းနိုင်၍ ချောက်ထဲသို့ ထိုးကျသွားခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

 

ကားမောင်းသူမှ ဆရာတော်၏ တူတော်စပ်သည့် အသက် ၃၆ နှစ်အရွယ် ဦးစိုင်းနေသန့်ဖြစ်ကြောင်း သိရသည်။  

 

အခု ဆရာတော် အလောင်းဆေးရုံကို မရောက်သေးပါဘူး။  ချောက်ထဲက တာဝန်ရှိသူတွေက လာပြီး ဆွဲတင်တုန်းရှိပါသေးတယ်။ မောင်းတာကတော့ သူ့တူပေါ့နော်။ သူက ဆေးရုံကို ရောက်သွား ပါပြီ။ သူလည်း ဒဏ်ရာပြင်းပါတယ်။ ဒဏ်ရာလောက်ပဲရလိုက်တာပါသူက။ တစ်စီးလုံးမှာ နှစ်ယောက်တည်းပါတာပေါ့။ ဘာကိစ္စနဲ့ ရခိုင်ကိုလာကြတာလဲတော့ ကျွန်တော်တို့ မသိရသေးပါဘူးဟု ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြောသည်။

 

လက်ရှိတွင် ဒဏ်ရာရရှိသွားသည့် ဦးစိုင်းနေသန့်မှာ အမ်းဆေးရုံကြီး၌ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

 

ကျွန်တော်ထင်တာက သူတို့က ဟိုမှာဆိုရင် မြေညီကိုမောင်းနေရတော့ ဒီမှာက တောင်ဘက်လမ်းတွေကို တက်ရတော့ ကားက အရှိန်မထိန်းနိုင်တာဘာညာတို့ဖြစ်ပြီး ချောက်ထဲကို ဆင်းသွားတာ ထင်ပါတယ်။ ကားကတော့ ဘယ်ကားနဲ့မှ တိုက်မိတာ မဟုတ်ပါဘူးဟု ၄င်းက ဆက်ပြောသည်။

 

အဆိုပါ ကားထိုးကျသွားသည့် ချောက်မှာ အမြင့်ပေ ၂၀၀ ခန့်မြင့်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

 

ယင်းကားထိုးကျသွားသည့် အနီးပတ်ဝန်းကျင်တွင် ယာဉ်တိမ်းမှောက်မှုများ မကြာခဏကြုံရပြီး လူသေဆုံးမှုများလည်းရှိကြောင်းလည်း ဒေသခံများကပြောသည်။

Share: