သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ရခိုင်က အဲဒီအလုပ်ကို လုပ်နေသူတွေရဲ့ အမြင်


ထက်အောင်

နိရဉ္စရာ၊ ဇွန် /၂၀၂၁

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ရခိုင်ပြည်နယ် အတွင်း လူငယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ အစိုးရဌာနဆိုင်ရာတွေ အဖွဲ့အစည်း အသီးသီး အလိုက် သစ်ပင်စိုက်တာ၊ အမှိုက်ကောက်တာတွေအပြင် အခြား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းငန်းတွေကို လုပ်ဆောင်နေကြတယ်လို့  သိရပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပြီး မြစ်ချောင်းအင်းအိုင်ပေါများတဲ့အပြင် သာယာလှပတဲ့ တောတောင်ရေမြေသဘာဝကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တစ်ခုဖြစ်ကာ လူဦးရေ ခန့်မှန်း (၃) သန်းခွဲ ကျော်လောက် မှီတင်းနေထိုင်ကြကြောင်း သိရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်  အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး အဖွဲ့တွေအနေနဲ့ ဘာတွေလုပ်နေလဲ။ ပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း ကာကွယ်သင့်သလဲ ဆိုတာကို ရခိုင်ပြည်နယ်အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေတဲ့ သူတွေကိ သတင်းထောက် ထက်အောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

----------

ကိုရန်နိုင်စိုး (ဥက္ကဌ) ရခိုင်ပြည်နယ် ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ /စစ်တွေ

ဒီနေ့မှာတော့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းစဉ် မရှိပါဘူး။ ရက်နည်းနည်းတော့ ရွေ့ထားပါတယ်။ ကျနော်တို့က ကျွန်းကို သွားမယ့်ဟာနဲ့ အချိန်ကိုက်ဖြစ်အောင်ဆိုးပြီတော့ ရက်အနည်းငယ်ရွေ့ထားတာပါ။ အဲဒီ အချိန်ကျမှပဲ အပင်တွေစိုက်ပျိုးဖို့ ဆိုပြီး ရည်ရွယ်ထားပါတယ်။

ရခိုင်ပြည်နယ်မှာက သဘာဝပတ်ဝန်ကျင် ထိမ်းသိမ်းရေးနဲ့ ပတ်သတ်ပြီး အများကြီး လိုပါတယ်။ ဒီရေတောတွေ၊ သစ်တောတွေ ကိုလည်း ထိန်းသိမ်းဖို့ လိုတယ်။ ပြီးတော့ ကျနော်တို့ အဓိကထား လုပ်ဆောင်နေတဲ့ ပင်လယ်လိပ်တွေ၊ ငှက်မျိုးစိပ် တွေကိုလည်း မသတ်မဖြတ်ရအောင်၊ သဘာဝဘေးအန္တရာယ် တွေကြောင့်လည်း သေဆုံးမှုရှိတယ်။ ပင်လယ်လိပ်တွေ သေဆုံးမှုဆိုရင် ကျနော်တို့ အမြဲတမ်းလိုလိုတွေ့နေရတယ်။ မျိုးပွားဖို့အတွက် ဥဖို့ ကမ်းကိုတက်လာတယ်။ ကုန်းပေါ်ကို မရောက်ခဲ့ဘူး။ ငါးဖမ်းပိုက်တွေ ချထားတဲ့အတွက် ငါးဖမ်းပိတ်တွေမှာ ကျပြီး သေဆုံးတယ်။ အဲဒီလို ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။

သဘာဝပတ်ဝန်းကျင်ကို ဘာကြောင့် ထိန်းသိမ်းဖို့ လိုအပ်လဲဆိုတော့ ပတ်ဝန်းကျင် ပျက်စီးလာရင် လူတွေရဲ့ မှီခိုအားထားမှုလည်း တစ်ဖက်မှာ လျော့ကျသွားတယ်။ ဒါကြောင့် အဲဒါတွေကို အဓိကထားပြီး ထိန်းသိမ်းဖို့လိုအပ်တယ်။ ပညာပေး ဟောပြောပွဲ တွေလည်း အများကြီးလုပ်ရမယ်။ လူတွေ သဘာဝပတ်ဝန်ကျင်နဲ့ ပတ်သက်ပြီး အသိပညာ ရှိလာအောင်၊ မိမိ ပတ်ဝန်းကျင်သာယာလှပအောင် ပညာပေးမှုတွေ လိုအပ်ပါတယ်။ တစ်ချိန်ချိန်မှာ နိုင်ငံရေးအခြေအနေတွေ ကောင်းလာရင် မိမိတို့ လက်ထဲမှာ သဘာဝပတ်ဝန်းကျင်က ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုရင် ဒါကိုကမ္ဘာလှည့် ခရီးသွားတွေကလည်း စိတ်ဝင်စားပါတယ်။ ခရီးသွားတွေရောက်လာရင် ဒေသခံပြည်သူလူထုတွေ အလုပ်ကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေတွေရလာမယ်လို့ ထင်တယ်။

လက်ရှိအခြေအနေအရ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကလည်း နည်းတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေတွေကလည်း အစစအရာရာ ကျဆင်းနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်းမှာ တော်တော်များများ အားနည်း နေတယ်လို့ မြင်မိတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေကလည်း အလွန်တရာ ထိထိရောက်ရောက်မလှုပ်ရှားနိုင်ဘူး။ ကိုယ်နိုင်တဲ့ အပိုင်းလောက်ပဲ လုပ်နေတာဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေပိုင်းမှာဆိုရင်လည်း အဓိကတော့ သားငါး၊ တိရစ္ဆာန် ထိန်းသိမ်းရေးပိုင်းဆိုရင် သစ်တောဦးစီးဌာနနဲ့ အများကြီးဆိုင်တယ်။ ပတ်ဝန်ကျင် ထိန်းသိမ်းရေးဦးစိဌာနတွေနဲ့ အများကြီးဆိုင်တယ်။ သူတို့တွေက ပိုပြီးပါဝင်ပေးရမှာပေါ့ ကျနော်တို့ကတော့ Local NGO လောက်ပဲဖြစ်တယ်။ ကိုယ်လုပ်နိုင်တဲ့ အပိုင်းတွေကို လုပ်နေပါတယ်။ သူတို့ကလည်း တစ်ဖက်က ပိုပြီးအလုပ်လုပ်ဖို့ လိုပါတယ်။ အစိုးရ ဌာနဆိုင်ရာတွေက ပတ်ဝန်ကျင်ထိမ်းသိမ်းရေးလုပ်တဲ့အခါ ဒေသခံတွေရဲ့ ပူးပေါင်း ပါဝင်မှုက အဓိကပါ။ ဒေသခံတွေမပါပဲ ကိုယ့်သဘောနဲ့ ကိုလုပ်လိုက်လို့လည်း မရဘူးလေ။ ဒေသတစ်ခု ဖွံ့ဖြိုးဖို့အတွက် ဒေသခံပြည်သူလူထုရဲ့ သဘောထား အမြင်တွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ သူတို့ရဲ့ လုပ်ကိုင်စားသောက်နိုင်တဲ့ နေရာတွေ၊ ရေလုပ်ငန်းလုပ်တယ်ဆိုရင်လည်း ထိန်းသိမ်းလိုက်ခြင်းအားဖြင့် ရေလုပ်ငန်း မလုပ်ရတော့ဘူး ဆိုတဲ့ သဘော မဖြစ်သင့်ဘူးလေ။ အဲဒါတွေကို ဒေသခံတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။

ကျနော်တို့ဒေသမှာဆိုရင် လက်ရှိအချိန်မှာ အခြေခံလူတန်းစား ဆင်းရဲသားက များတယ်။ ဆင်းရဲတဲ့ လူတွေက သဘာဝတရားကို တိုက်ရိုက်မှီခိုရတာရှိပါတယ်။ ဥပမာ- (လျှစ်စစ်မီး မရတဲ့နေရာတွေဆိုရင် ထင်လိုတယ်။ ဆိုတော့ ထင်းကိုမခုတ်လို့ကို မရဘူး။ မဖြစ်မနေခုတ်ရတယ်။ )သူတို့နဲ့ နီးစပ်ရာအပင်အကိုင်းတွေကို ခုတ်ပြီး ထင်းအနေနဲ့ သုံးရတာပါပဲ။ အဲဒါတွေကို လက်ရှိအချိန်မှာ ဖြေရှင်းရ ခက်ပါတယ်။ အဲဒီလူတွေကို လုံးဝထင်းမခုတ်ဖို့ တားမြစ်လိုက်ရင်လည်း တစ်ဖက်မှာ စားဝတ်နေရေးအတွက် သူတို့ ဘယ်လိုရပ်တည်မလဲ။ ထင်းခုတ်တာကတော့ တစ်နိုင်တစ်ပိုင်ပေါ့၊ တချို့ဆိုရင် စီးပွားဖြစ် လုပ်တဲ့ကုမ္မဏီတွေ၊ ကျနော်တို့ ရခိုင်ကနေ အလွန်အကျွံ သစ်ထုတ်လုပ်နေတာတွေဆိုရင် အလွန်တရာဆိုးပါတယ်။

------------------

မလှမိုးတာရာလှိုင် (Green Sittwe) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်သူ

ဒီနေ့ ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ကျမတို့အဖွဲ့က စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်း အိမ်ရာဖက် မြစ်ချောင်းတွေအနီးက အမှိုက်တွေကို ကောက်ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး စာစောင်တွေလည်း မြို့မဈေးကြီးထဲမှာ ဝေငှပါတယ်။

ကျမတို့က ဒီနေ့မှာ အမှိုက်ကောက်တယ်။ လူတွေကို အသိပညာပေးတာတွေ လုပ်တယ်။ ကျမတို့အခုလို လုပ်လိုက်တော့ အမှိုက်ကို စနစ်တကျပစ်ဖို့ပေါ့။ ဒီနေ့ မနက်ပိုင်းကလည်း မိုးရွာတယ်ဆိုတော့ တခြားပြင်ပက လူတွေအများကြီး ဝင်ပြီး Join တာမရှိဘူး။ ကျမတို့ အခုလိုအမှိုက်ကောက်တဲ့အချိန်မှာလည်း ပြည်သူလူထုကပါ တက်တက်ကြွကြွ ပါဝင်စေချင်ပါတယ်။ အမှိုက်ကို စနစ်တကျပစ်မယ့် ဟာအဓိကဖြစ်စေချင်ပါတယ်။ ကိုရီးယားဆိပ်ကမ်းဖက်မှာ အမှိုက်ကောက်တော့ အဲဒီဖက်မှာ စားအိမ် သောက်အိမ်တွေက အမှိုက်တွေကအစ အမှိုက်တွေ အများကြီးပစ်ထားတယ်။ လမ်းသွားရင်းနဲ့ အမှိုက်ပုံးမှာ မပစ်ပဲ ရေစပ်အနီးတွေမှာ စွန့်ပစ်ခဲ့တာတွေကိုလည်း မလုပ်ဖို့ လိုပါတယ်။

ကျမတို့ အဓိကအသိပညာပေးချင်တာက မြစ်၊ ချောင်း တွေမှာ အမှိုက်မပစ်ဖို့ပါ။ မြစ်၊ ချောင်း ထဲကို အမှိုက်ပစ်လိုက်တာနဲ့ ပထမဆုံးထိခိုက်တာက မိမိတို့ ကိုယ်တိုင်ပါပဲ။ အဲဒီအမှိုက်တွေကြောင့် စစ်တွေမြို့လယ်ချောင်းမှာ ရေစီးတဲ့ စနစ်ပိတ်သွားတာ၊ နှေးကွေးသွားတာတွေဆိုရင် အနံ့အသက်မကောင်းတာတွေက တဆင့် ကျန်းမာရေးမကောင်း ဖြစ်လာရင် ကျမတို့ လူသားတွေကိုပဲ ထိခိုက်နစ်နာစေတာ ဖြစ်ပါတယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒီလုပ်ငန်းတွေက အစိုးရက ပြည်သူလူထုကို ဝန်ဆောင်မှု ပေးရမယ့်အလုပ် ဖြစ်ပါတယ်။ သူတို့မှာ လူအင်အားမလုံ လောက်တဲ့ အခက်အခဲ တွေကြောင့်လား ဘယ်လိုပုံစံဆိုတာတော့မသိပါဘူး။ အဲဒီလို မလုံလောက်တဲ့အခါ လူထုဆီကို အသိပညာပေးမှုတွေ သိပ်မရောက်ဘူး။ အမှိုက်စွန့်ပစ်တဲ့ စနစ်မကောင်း ဆိုတာကို ပြနေတာပေါ့။ အမှိုက်တွေကို ဖြစ်သလို နေရာမှာ စွန့်ပစ်တာတွေ ဖြစ်နေတယ်။ ပန်းခြံအနီးတွေမှာ အမှိုက်ပုံးထားတာတွေ၊ ပန်းခြံက လူတွေအပန်ဖြေဖို့လာချိန်မှာ အနီအနားမှာရှိတဲ့ အမှိုက်ပုံးနဲ့ အနံ့အသက်မကောင်းဘူးပေါ့။ ပြီးတော့ ကလေးတွေ စာသင်ကျောင်းအနီးမှာ အမှိုက်ပုံးထားတာတွေဆိုရင် လုံးဝမလုပ်သင့်ပါဘူး။ အဲဒီ အရာတွေ စနစ်တကျဖြစ်ဖို့ အစိုးရကလုပ်ရမှာပါ။ တာရာတို့ လူငယ်တွေအနေနဲ့လည်း နိုင်တဲ့ဖက်ကနေလုပ်ကြတာပါ။

 --------------------

ကိုမျိုးလွင် (အမ်း)/ လူမှုရေးလုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ

ကျနော်တို့ လက်ရှိလုပ်နေတဲ့အနေအထားကတော့ ရခိုင်ရိုးမ မှာရှိတဲ့ သစ်တော သယံဇာတတွေကို ပြုန်းတီးမှုမဖြစ်ရအောင်၊ မပျောက်ပျက်သွားအောင် ကျနော်တို့ လူငယ်တွေအနေနဲ့ အတတ်နိုင်ဆုံး ထိန်းသိမ်းနေတဲ့ အပိုင်းတွေရှိတယ်။ တစ်ဖက်မှာလည်း သစ်လုပ်ငန်းရှင်တွေ ရှိနေတယ်။ ရခိုင်ရိုးမပေါ်မှာရှိတဲ့ သစ်တွေဟာလည်း ရခိုင်ပြည်သူတွေ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ဒီသစ်တောတွေ ပြုန်းတီးသွားရင် ကျနော်တို့ ရခိုင်ပြည်နယ်ဟာ သဘာဝဘေးဒဏ်ကို အများကြီးခံရနိုင်တယ်။ အဲဒီ အပိုင်းတွေကိုလည်း ကျနော်တို့ နိုင်တဲ့ဖက်က ထိန်းသိမ်းမှုတွေ လုပ်နေတာရှိတယ်။ နောက်တစ်ခုက ဒီရေတော ပြုန်းတီးမှုတွေရှိတယ်။ အဲ ဒီရေတော ပြုန်းတီးမှုအပိုင်းကိုလည်း ကျနော်တို့ အစားထိုးပြုပြင်ပြီး ဒီရေတောတွေ စိုက်ပျိုး၊ ထိန်းသိမ်းနေတဲ့ အပိုင်းတွေရှိပါတယ်။

နောက်တစ်ခုကလည်း စီမံကိန်းကြီးတွေကြောင့် သဘာဝအရင်းအမြစ်တွေ ပျက်စီးသွားတယ်။ လူမှုဘဝ စီးပွားရေးတွေ ထိခိုက်မှုရှိတဲ့အပေါ် နောက်လာမယ့် စီမံကိန်းတွေမှာ မပျက်စီးဖို့အတွက် လုပ်ဆောင်နေတာတွေရှိပါတယ်။ မြန်မာ- တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း ကြောင့် အများကြီးထိခိုက်ဆုံးရှံးမှုတွေရှိတယ်။ မြေဆီမြေလွှာ အရင်းအမြစ်တွေ၊ သဘာဝအရင်အမြစ်တွေ ပျက်စီးသွားတယ်။ အဲဒီအပိုင်းကိုလည်း သုတေသနလုပ်ပြီး ဒေတာအချက်အလက်တွေကောက်ပြီး စာအုပ်တွေထုတ်တယ်။ နောက်လာဖို့ စီမံကိန်းတွေမှာ အဲဒီလို ဖြစ်ရပ်မျိုး မဖြစ်ဖို့ လုပ်နေတာတွေရှိတယ်။ နောက်တစ်ခုက ရခိုင်ပင်လယ်ပြင်မှာ ၂၀၁၈ ကနေ ၂၀၂၀ အထိ ရေထုညစ်ညမ်းမှုတွေရှိခဲ့တယ်။ ဒါတွေကိုလည်း ကျနော်တို့ ဒေတာ အချက်အလက်တွေကောက်ထားတာ ရှိပါတယ်။

အစိုးရဌာနဆိုင်ရာကလုပ်တဲ့ဟာတွေကတော့ လူအမြင်ကောင်းအောင် လုပ်တာ လောက်ပါပဲ။ တကယ့် သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုကို ကုစားနိုင်တဲ့ ပုံစံမျိုးမဟုတ်ဘူး။ တချို့နေရာတွေမှာ အပင်တွေစိုက်ပျိုးကြတယ်။ အမှန်တကယ် လည်းမထိန်းသိမ်းနိုင်ဘူး။ သူတို့ စိုက်ပျိုးတဲ့နေရာတွေဆိုရင် ရခိုင်မှာ ဝန်ဖိုက်ဒီရေတော ကြိုးဝိုင်းဆိုရင် ကြီးကျယ်တဲ့ ကြိုးဝိုင်းသစ်တောကြီးဖြစ်ပါတယ်။ အဲဒီ သစ်တောတောင် ပြောင်သလင်းခါသွားပြီး။ ရခိုင်ရိုးမ မှာရှိတဲ့ သစ်တောကြီးတွေကိုလည်း သူတို့ မထိန်းသိမ်းနိုင်ဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့  အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်ပြီးတော့ ပိုပြီးပြောနိုင်ဆိုနိုင် လုပ်ဆောင်နိုင်ရင်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ သဘာဝဆုံးရှုံးမှု၊ ပျက်စီးယိုယွင်းမှုတွေကို တစ်ဖက်တစ်လမ်းက ကုစားမယ်ဆိုရင် အချိန်မှီသေးတယ်လို့ ပြောချင်ပါတယ်။

--------------

ဦးအေးဝင် (ဒုတိယဦးစီးမှူး) ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ကျနော်တို့ မနေ့ ဇွန်လ ၄ ရက်နေ့က စစ်တွေမြို့၊ လောကနန္ဒာဘုရားဝင်းထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုပေါ့ သစ်ပင်စိုက်ပျိုးရေးကို လုပ်ပါတယ်။ အဲဒီမှာတော့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌရေ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး၊ ဒကစမှူး၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တွေ ပြည်နယ် အဆင့်ဌာနဆိုင်ရာတွေ၊ စိမ်းပြာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ Green Network (စစ်တွေ) အားလုံးတက်ရောက်ကြတယ်။ အပင်အမျိုးအစားကတော့ (၄) မျိုး ကံ့ကော်၊ သပြေ၊ သင်္ဂနက်၊ မဟော်ဂနီ ပါတယ်။ စုစုပေါင်း အပင် (၁၉၀) စိုက်ပျိုးခဲ့ပါတယ်။ ဒီနေ့ မှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆက်စပ်ပြီး စစ်တွေမြို့တော် ဦးဥတ္တမခန်းမမှာ အခမ်းအနားလုပ်ပါတယ်။ မနေ့ကတက်တဲ့ ပြည်နယ်အဆင့်အကြီးအကဲတွေနဲ့ အခြားဌာနဆိုင်ရာတွေ၊ မနေ့ကတက်ရောက်တဲ့ လူစာရင်းအတိုင်းပါ။

လက်ရှိကျနော်တို့မှာက ရုံးဖွင့်လှစ်ပြီးစီးမှုအင်အားက နည်းသေးတယ်။ ပြည်နယ် အတိုင်းအတာမှာဆိုရင်လည်း ပြည်နယ်ရုံး (၁) ရုံး၊ ခရိုင်းရုံး (၃) ရုံး၊ မြို့နယ်ရုံး (၃) စုစုပေါင်း (၇) ရုံးပဲ ရှိပါသေးတယ်။ အမှန်တကယ် ဖွင့်လှစ်ရမှာက မြို့နယ်ပေါင်း (၁၇) မြို့နယ်မှာ ခရိုင်ရုံး (၅) ရုံး၊ မြို့နယ်ရုံး (၁၇) ရုံး၊ ပြည်နယ် (၁) ရုံးဆိုရင် အားလုံး (၂၃) ရုံးဖွင့်ရမှာ အဲဒီမှာမှ အခုလက်ရှိ ကျနော်တို့မှာ (၇) ရုံးပဲဖွင့် နိုင်သေးတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပိုင်းအရ ပြည်သူလူထုနဲ့ ထိတွေ့မှုပိုင်းမှာ နည်းနည်း အားနည်းနေပါသေးတယ်။ သို့သော်လည်း ကျနော်တို့ ဖွင့်လှစ်ပြီးစီးထားတဲ့ ရုံးရှိရာ နေရာတွေမှာဆိုရင် ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့အနေနဲ့ ပညာပေးတဲ့ လက်ကမ်းစာစောင်တွေကို ပြည်သူလူထုနဲ့ လုပ်ငန်းရှင်တွေကိုလည်း ဖြန့်ဝေမှုတွေ လုပ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လုပ်ငန်းရှင်တွေကို ခေါ်ပြီး အသိပညာပေးတာတွေရှိပါတယ်။ အဲဒီလို လှုပ်ရှား ဆောင်ရွက်နေတာတော့ ရှိပါတယ်။

ကမ္ဘာမှာ လူ သန်းပေါင်း (၇) ထောင်ကျော်ရှိတယ်။ လူသားတစ်ယောက်ချင်းစီကနေပြီး ကိုယ့်အသိစိတ်နဲ့ကို ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုပါတယ်။ အမှိုက်ပစ်တာကအစပေါ့။ အမှိုက်ပစ်မယ်ဆိုရင်လည်း လူတစ်ယောက်အနေနဲ့ တစ်ရက်မှာ အမှိုက် ဘယ်လောက် စွန့်ပစ်မယ်။ ကွမ်းစားတဲ့ လူတစ်ယောက်ဆိုရင်လည်း ကွမ်းယာ ဘယ်နှစ်ထုပ်ဝယ်စားမလဲ အဲဒီကနေထွက်လာမယ့်အမှိုက်တွေကို ကိုယ်က ဆင်ဆင်ခြင်ခြင်လေးနဲ့ သင့်မြတ်တဲ့ နေရာမှာ စွန့်ပစ်မယ်ဆိုလို့ရှိရင်တော့ အမှိုက်တွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေတော့ ပါဘူး။ ဆိုလိုချင်တာကတော့ တစ်ဦးတစ်ယောက်ချင်းစီကနေ အဖွဲ့အစည်း၊ ရပ်ရွာ၊ မြို့၊ ပြည်နယ်၊ နိုင်ငံ အတိုင်အတာနဲ့ စုစည်းပြီး ဆောင်ရွက် လိုက်တဲ့အတွက် ပတ်ဝန်းကျင် ထိခိုက်၊ ပျက်စီး ညစ်ညမ်းမှုတွေ တဖြည်းဖြည်း သက်သာသွားမယ်လို့ ထင်တယ်။ ဒါတွေက လုံးဝ (Zero Impact) ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လုံးဝသက်ရောက် ထိခိုက်မှုမရှိဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ထိခိုက်မှုလျော့ကျအောင် လုပ်ဖို့ ဆိုတာကတော့ သေချာပါတယ်။ ၁၀၀% နီးပါး လျော့ချလုပ်နိုင်ဖို့ သေချာပါတယ်။ နောက်ပြီး လူတစ်ဦးချင်းစီရဲ့ စိတ်ဓာတ်တွေကို ပြောင်းလဲပြီး ဆင်ဆင်ခြင်ခြင်နဲ့ လေးလေးနက်နက် ချစ်ချစ်ခင်ခင် နေသွားမယ် ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ကျလာမယ်လို့ ထင်ပါတယ်။ 

Share: