သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြား ရာမောင်တံတားသစ်တွင် ယာဉ်များ စတင်ဖြတ်သန်းခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

ထက်အောင်

နိရဥ္စရာ၊ ဇွန် ၇ / ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ကျပ်သန်းပေါင်း ၁၂၀၀၀ ခန့်အကုန်အကျခံဆောက်လုပ်ထားသည့် ရာမောင်မြစ်ကူးတံတားသစ်တွင် ယနေ့ ညနေ ၃ နာရီခန့်မှစတင်ကာ ယာဉ်များအား စတင် ဖြတ်သန်းသွားလာခွင့် ပြုလိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။

ဦးသန်းထွန်းက ရာမောင်တံတားသစ်က ဆောက်လုပ်ပြီးစီးတာတော့ ကြာပါပြီ။ ဒါပေမဲ့ တံတားရဲ့ ခံနိုင်ရည်အားကောင်းမကောင်း စစ်ဆေးတဲ့ကာလဖြစ်တဲ့အတွက် နည်းနည်း ကြာသွားတာ။ ပြီးရင် အခုက ကားတွေလည်း ပိတ်ကျပ်နေတဲ့အခါ ဝန်ကြီးဌာနကို တင်ပြတယ်။ ဝန်ကြီးဌာနကလည်း ဆောက်ပြီးစီးတဲ့ကာလလည်း ကြာပြီဆိုတော့ ဒီနေ့ကစပြီး ဖြတ်သန်းသွားလာခွင့်ရပြီ။ဟု နိရဥ္စရာကို ပြောသည်။

ယနေ့ စတင်အသုံးပြုခွင့်ပြုထားသည့် တံတားသစ်တွင် လတ်တလော၌ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ရမည်ဖြစ်ပြီး ဆိုင်ကယ်၊ သုံးဘီးနှင့် အိမ်စီးကား များမှာ ယခင်ရှိခဲ့သည့် ကြိုးတံတားဟောင်းမှသာ ဖြတ်သန်းသွားလာခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းက ရာမောင်မြစ်တွင်ကူးပေးနေသည့် ကူးတို့ဇက်ရေယာဉ်မှာ စက်ပျက်နေခဲ့သည့်အတွက် ရာမောင်မြစ် တစ်ဖက်ကမ်း ရန်ကုန်ဘက်မှလာသည့် အခြမ်းတွင် ကားအစီးရေ (၂၈၀) ကျော်ခန့်နှင့် မင်းပြားမှ စစ်တွေဘက်ကို သွားသည့်အခြမ်းတွင် ကားအစီးရေ (၅၀) ခန့် သောင်တင်နေခဲ့သည့်အတွက် ယခုကဲ့သို့ ဖြတ်သန်းသွားလာခွင့်ကို ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်မှ ပြည်နယ်လွှတ်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်ကလည်း တံတားသစ်ကို အသုံးပြုခွင့် ရပြီဆိုတော့ ကောင်းပါတယ်။ဟု ဆိုသည်။

မင်းပြားတွင် မူလကရှိသည့် ရာမောင်မြစ်ကူးတံတား(ကြိုးတံတား)သည် ကြံ့ခိုင်မှုအားနည်းလာသည့်အတွက် ယခုတံတားအသစ်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တံတားသစ်ဆောက်လုပ်မပြီးစီးခင်ကဆိုလျှင် ရန်ကုန်- စစ်တွေ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များသည် ရာမောင်မြစ်အား ဖြတ်ကူးရန် ဇက်ရေယာဉ်ကူးတို့များကိုသာ အသုံးပြုခဲ့ရသည်။

Photo - Than Tun

ဆက်စပ် သတင်းများ