သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင် ကျောင်းသား/သူ (၂၁) ဦးအား သံတွဲမြို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီက ပညာသင်ကြားပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

သျှင်မင်းဇံ

နိရဥ္စရာ၊ ဇွန် ၈/၂၀၂၁


ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် ပညာဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသည့် ကျောင်းသား/သူ (၂၁) ဦးအား သံတွဲမြို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီကတာဝန်ယူကာ ပညာသင်ကြားပေးနေကြောင်း သတင်းရရှိသည်။

အဆိုပါကျောင်းသား/သူ (၂၁)ဦးသည် မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် ရမ်းဗြဲမြို့တို့မှ ဖြစ်ပြီး ၉ တန်းနှင့် ၁ဝ တန်းကျောင်းသား/သူများဖြစ်ကြသည်။

သံတွဲမြို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ပညာရေးအထောက်အကူပြုအဖွဲ့မှ ဒု-ခေါင်းဆောင် ဦးမြင့်ဇော်က "အဓိကတော့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ပညာရေးဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ခေါ်ပြီး သင်ပေးနေတာပါ။ ပြီးခဲ့နှစ်က စာမေးပွဲ မဖြေလိုက်ရတဲ့ ကလေးတွေ တချို့တဝက်တော့ ပါလာပါတယ်။"ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

အဆိုပါကျောင်းသူ/သားများအား သံတွဲမြို့ရှိ ပုလဲရတနာပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားပေးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်က အခြေခံပညာအထက်တန်းအဆင့် ၈ တန်း၊ ၉ တန်းနှင့် ၁၀ တန်းမှ စစ်ဘေးရှောင် ကျောင်းသား/သူ (၃၅) ဦးအထိ ခေါ်ယူသင်ကြားပေးခဲ့သည်။

သို့သော် ယခုနှစ်တွင် အဆိုပါဘကကျောင်း၌ ကျောင်းသူ/သားဦးရေများပြားလာနေသည့်အတွက် ၉ တန်းနှင့် ၁ဝ တန်းမှ စစ်ဘေးရှောင် ကျောင်းသူ/သား ၂၁ ဦးကိုသာ လျှော့၍ ခေါ်ယူခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင်ကျောင်းသား/သူ တစ်ဦး၏ တစ်နှစ်တာ ပညာသင်ကြားရေး ကုန်ကျစရိတ်မှာ ကျပ်နှစ်သိန်းဖြစ်ပြီး သူတို့ပညာရေးအတွက် ငွေရေးကြေးရေးအခက်အခဲအချို့ရှိနေသည်ဟုလည်း သိရသည်။

သံတွဲမြို့ ရခိုင်တစ်မျိုးသားလုံး ညီညွတ်ရေးကော်မတီ ပညာရေးအထောက်အကူပြုအဖွဲ့အနေဖြင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်က ပညာသင်ပေးခဲ့သော စစ်ဘေးရှောင် ကျောင်းသား/သူ (၃၅) ဦး၌ ၈ တန််းနှင့် ၉ တန်းမှ ကျောင်းသား/သူ (၂၃) ဦး အောင်မြင်ခဲ့သလို တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ဖြေခဲ့သည့် ကျောင်းသား/သူ (၁၂) ဦးအနက် (၄) ဦး အောင်မြင်ခဲ့သည်။

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်က ပညာသင်ပေးခဲ့သော စစ်ဘေးရှောင်ကျောင်းသား/သူများမှာမူ ကိုဗစ်ကပ်ရောဂါကြောင့် စာမေးပွဲ မဖြေရဘဲ မိမိတို့၏ဒေသအသီးသီးသို့ ပြန်သွားခဲ့ရသည်။

Photo - Ko Myint Zaw

ဆက်စပ် သတင်းများ