တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ယခုလွတ်လာခြင်းမှာ အကောင်းဆုံးအဖြေတစ်ခုမဟုတ်သေးဟု AA စစ်ဦးစီးချုပ်၏ညီဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

သျှင်မင်းဇံ၊ အောင်လင်းထွန်း

စစ်တွေ၊ ဇွန် ၉ / ၂ဝ၂၁


ယခုလွတ်မြောက်လာခြင်းမှာ အကောင်းဆုံးအဖြေတစ်ခုမဟုတ်သေးဟု AA စစ်ဦးစီးချုပ်၏ညီ ကိုအောင်မြတ်ကျော်က ပြောဆိုလိုက်သည်။

ယနေ့ညနေပိုင်းက ရန်ကုန်မှတဆင့် စစ်တွေသို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာစဉ် စစ်တွေလေဆိပ်တွင် မီဒီယာများကိုပြောဆိုသွားခြင်းဖြစ်သည်။

ဒီနေ့ လွတ်လာတာက ပြီးပြည့်စုံမှု တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ အခုဖြစ်တဲ့ကိစ္စတွေကတော့ ခရီးသွားရင် အတက်အကျတွေလည်း ရှိတာပါပဲ။ ကျွန်တော်တို့နဲ့လည်း မပြီးသေးဘူး။ အထဲမှာ အများကြီးကျန်နေသေးတယ်။ လောလောဆယ် ဖြစ်နေတာတွေကို အပြုသဘောနဲ့ သုံးသပ်တယ်။ ပုဂ္ဂိုလ်ရေး အမုန်းတရားအနေနဲ့ ဘာမှမရှိဘူး။ ကျွန်တော်တို့ လွတ်လာတာဟာ အကောင်းဆုံးအဖြေတစ်ခုတော့ မဟုတ်သေး။ လွတ်ဖို့ ထိုက်တန်တဲ့ မတရားဖမ်းဆီးထားတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ အဲဒါတွေကိုဆက်ပြီးတော့ နှစ်ဘက် တာဝန်ရှိသူတွေကို မြန်မြန်ဆန်ဆန်နဲ့ မြန်မာနိုင်ငံအရေးကို ရှေ့ဆက်ပြီးတော့ အရှိန်အဟုန်နဲ့ ကောင်းအောင်သွားနိုင်ဖို့ဘက်ကို ဦးတည်ပြီးတော့ ပိုပြီးကြိုးစားပေးဖို့လို့ မျှော်လင့်ပါတယ်။ ကျန်အပိုင်းတွေကတော့ ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်။ဟု ကိုအောင်မြတ်ကျော်က ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့် ညီမဖြစ်သူ မယမင်းမြတ် (ခ) မမိုးနှင်းဖြူအပါအဝင် ၁ဝ ဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်မြောက်လာသူများမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ AA စစ်ဦးစီးချုပ်၏ညီမ မယမင်းမြတ် (ခ) မမိုးနှင်းဖြူ၊ သူ၏အမျိုးသား ကိုကျော်နိုင်နှင့် ရခိုင်အသင်း (စင်္ကာပူ)ခေါင်းဆောင်များဖြစ်ကြသည့် ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်သည်။

လွတ်မြောက်သူများထဲတွင် AA စစ်ဦးစီးချုပ်၏ညီမနှင့် ယောက်ဖတို့အမှုမှာ စွဲချက်တင်ထားပြီဖြစ်သည့်အတွက် တရားသေလွတ်မြောက်လာခြင်းဖြစ်ပြီး ကျန် ၈ ဦးမှာ စွဲချက်မတင်ရသေးသည့်အတွက် တရားရှင်လွတ်မြောက်လာခြင်းလည်းဖြစ်သည်။

အလုပ်တွေအများကြီး လုပ်ကြပါမယ်။ ကျန်နေသေးတဲ့ ရဲဘော်တွေအတွက် အမြန်ဆုံးထွက်လာနိုင်အောင် ကြိုးစားပေးကြမယ်။ဟု ကိုအောင်မြတ်ကျော်က ဆက်လက်ပြောဆိုသွားခဲ့သည်။

လွတ်မြောက်လာသူများသည် AA နှင့်ပတ်သက်သည်ဟုဆိုကာ ၂ဝ၁၉ ခုနှစ်တွင် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး (၂)နှစ်ခန့်အကြာတွင် လွတ်မြောက်လာခြင်းလည်း ဖြစ်သည်။

သူတို့ ၁ဝ ဦးလွတ်မြောက်လာပြီးနောက် ယနေ့ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန်မှ စစ်တွေသို့ စင်းလုံးငှားလေယာဉ်ဖြင့် ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ စစ်တွေလေဆိပ်တွင် သူတို့အား ရာနှင့်ချီသည့်ပြည်သူများက သွားရောက်ကြိုဆိုခဲ့ကြသည်။

ဆက်စပ် သတင်းများ