သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုမှ နောက်ဆုံးသက်သေကို ယနေ့စစ်ဆေး၊ လာမည့် ရုံးချိန်း၌ စွဲချက်တင်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၁/ ၂၀၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုမှ နောက်ဆုံး တရားလိုပြသက်သေတစ်ဦးအား ယနေ့ ဇွန်လ ၁၁ ရက်နေ့တွင်စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချနိုင်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက “ တရားလိုပြသက်သေတွေ အကုန်လုံး စစ်ဆေးပြီးပြီ။ ဆိုတော့ နောက်လာမယ့် ရုံးချိန်းမှာ ဦးညီပုကို စွဲချက်တင်သင့် မတင်သင့်နဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်လျှောက်လဲချက်ပေးရမယ့် ရုံးချိန်း ရှိပါတယ်။ အဲဒီမှာတော့ ကျနော်တို့ဖက်ကလဲ အပြစ်မရှိဘူး။ စွဲချက်မတင်သင့်ဘူး ဆိုပြီး တင်ပြကြ မှာပါပဲ။ ဥပဒေ အရာရှိကလည်း တစ်ခုခုတော့ တင်မှာပေါ့။ ကျန်တဲ့ ဆုံးဖြတ်ချက်ချတာက တရားသူကြီးဆိုတော့ သူပဲသိမှာပေါ့။ လျှောက်လဲချက်ကြားနာပြီး အဲဒီရုံးချိန်းမှာ အမိန့်ချကောင်းချနိုင်တယ်။ ဒါမှမဟုတ် နောက်ထပ်တစ်ကြိမ်ရုံးချိန်းမှာ စွဲချက်အမိန့်ချ နိုင်တယ်။” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုမှ နောက်ဆုံးသက်သေကို ယနေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် Video Conferencing ဖြင့် စစ်ဆေးခဲ့ပြီး အမှုအား လာမည့် ဇွန်လ ၂၅ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်ဟု သိရသည်။
ဦးညီပုက သူ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး မိသားစုအနေဖြင့် သူ့အတွက်မစိုးရိမ်ကြဖို့ ရှေ့နေကို ပြောကြားခဲ့သည်ဟု သိရသည်။
ဦးညီပုအား ယခင်က တောင်းဆိုထားသည့် အခြားအရပ်သားများကဲ့သို့ ရုံးထုတ်စစ်ဆေးစေလိုကြောင်း တင်ပြချက်သည်လည်း အခြေအနေထူးခြားမှု မရှိသေးကြောင်း ရှေ့နေက ဆိုသည်။
“ ဦးညီပုတောင်းဆိုထားတဲ့ အရပ်သားတွေ ရုံးထုတ်သလို ဆိုတာကတော့ အခုထိတော့ လူကိုယ်တိုင် ရုံးထုတ်စစ်ဆေးတာ မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတာတော့ မသိပါဘူး။ သူ့ရဲ့ လုံခြုံရေးအခြေအနေအရလို့လည်း အရင်က ပြောတာရှိပါတယ်။” ဟု ရှေ့နေ ဦးအောင်စစ်မင်းက ပြောပြသည်။
မူလက ဦးညီပု၏ ရှေ့နေများဘက်မှ သူ့ကို လူကိုယ်တိုင်ရုံးထုတ်စစ်ဆေးပြီး ဦးညီပုသည် နိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် နိုင်ငံသားတစ်ဦး၏ ဥပဒေပါအခွင့် အရေးကို ရထိုက်ကြောင်းနှင့် သူ့ကို Video Conferencing မစစ်ဆေးနိုင်ကြောင်း ကန့်ကွက်လွှာများ တင်သွင်းခဲ့သော်လည်း တရားရုံးက Video Conferencing ဖြင့်သာ ဆက်လက်စစ်ဆေးခဲ့သည်ဟုဆိုသည်။ အစပိုင်းတွင် အပြန်အလှန်မေးခွန်းများ မေးမြန်ခြင်းမပြုခဲ့သော်လည်း နောက်ပိုင်းတွင် အပြန်အလှန်မေးခွန်းများ မေးမြန်းခွင့်ရခဲ့သည်ဟုလည်း ရှေ့နေက ပြောသည်။
လက်ရှိမှာ ဦးညီပုကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို တိတိကျကျ မသိရသေးကြောင်းနှင့် တပ်ထဲတွင် ထိန်းသိမ်းထားခြင်းမှာဟုတ်မှန်ပြီး စစ်တွေတပ်နယ်တွင်း (သို့မဟုတ်) အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တွင်လည်း ဖြစ်နိုင်ကြောင်း ရှေ့နေက ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညက ဂွမြို့ရှိ သူ့နေအိမ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး သူ့ကို စစ်တွေမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက စစ်တွေမြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နှင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပေဒေ ပုဒ်မ ၅၀၅ (ခ)သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ