ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မိုးအဆက်မပြတ်ရွာသွန်းနေ၍ သံတွဲနှင့် ငပလီ ရေမြုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 494

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇွန် ၁၆/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်မြို့လုံး ရေကြီးရေလျှံဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
ဇွန်လ ၆ ရက်နေ့မှစတင်ကာ ယနေ့အချိန်အထိ မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် သံတွဲမြို့နှင့် ငပလီမြို့များအတွင်းရှိ သံတွဲလေဆိပ်အပါအဝင် နေရာအများအပြား၌ ရေကြီးရေလျှံဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ငပလီမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူူ ကိုဇွဲထက်မာန်က “ ငပလီအထကကျောင်းက ကလေးတွေကို ကိုယ့်အိမ်ကိုယ်ပြန်လွှတ်ပေးလိုက်ပြီ။ နေအိမ်တွေကို တစ်ပေကျော်လောက်ဝင်နေပြီ။ ရပ်ကွက်ထဲမှာ ခါးလောက်ရောက်တဲ့နေရာတွေရှိတယ်။ ချောင်းရေဝင်တာ။ ရေမြောင်းတွေကလည်း အကုန်ပိတ်ဆို့နေတာဆိုတော့ ရေဆင်းမဲ့နေရာမရှိဖြစ်နေတာပေါ့။” ဟုပြောသည်။
ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်နေ၍ သံတွဲအထကအပါအဝင် စာသင်ကျောင်းအချို့တွင် ကျောင်းသူ၊ ကျောင်းသားများကို အိမ်ပြန်လွှတ်ခဲ့ရသည်ဟု ကျောင်းသားမိဘများက ပြောသည်။
သံတွဲမြို့ပေါ်ရှိ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးကြည်သာလင်းက “ ကျွန်တော့်ကလေးတွေလည်း ကျောင်းကပြန်လာခဲ့ရပါတယ်။ ရေမြောင်းတွေက ပိတ်တော့နှစ်တိုင်းခံစားနေရတာပါ။ စည်ပင်နဲ့သက်ဆိုင်ရာက လာတောင်မကြည့်ကြပါဘူး။ ရေမြောင်းတွေကိုနှစ်စဉ်ဖော်ပေးရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး။ အခုသူတို့တွေအလုပ်မလုပ်တော့ ရပ်ကွက်မှာရှိတဲ့လူတွေလည်း စိတ်ညစ်ရသလို ကလေးတွေရဲ့ပညာရေးလည်းထိခိုက်ပါတယ်”ဟုပြောသည်။
ယနေ့ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီက မိုးလေဝသနှင့် ဇလဗေဒက ထုတ်ပြန်ချက်တွင် ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ရွာသွန်းမည်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေကြောင်း ဖော်ပြထားသည်။
Photos - Narinjara and Kyaw Swar Thway

ဆက်စပ် သတင်းများ