သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုပုဒ်မများဖြင့် တရားစွဲခံထားရသူ ၉ ဦးအမှု တရားလိုမရောက်၍ ထပ်မံရုံးချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇွန် ၁၆/ ၂၀၂၁
ရခိုင်ပြည်နယ် သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသည့် ၉ ဦးအမှုတွင် တရားလိုမရောက်၍ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ရကြောင်း သတင်းရရှိသည်။
အဆိုပါ ၉ ဦးမှာ တောင်ကုတ်မြို့နယ်၊ မအီမြို့မှ မောင်ကြီး၊ မောင်ငယ်နှင့် ဆားပြင်မှ ကိုသန်းနိုင်၊ ကြက်ကိုင်းကျေးရွာမှ ကိုစံချစ်အောင်နှင့် ကိုလှသန်းမောင်၊ တမာကျေးရွာမှ ကိုအောင်လွင်စိုး၊ ချက်ဖောက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း ကိုထွေးမောင်တို့ဖြစ်ကြောင်း သိရသည်။
၄င်းတို့ကို ယမန်နေ့ ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်၍ အမှုအား မစစ်ဆေးလိုက်ရဘဲ ရုံးချိန်းထပ်မံချိန်းဆိုလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
၄င်း ၉ ဦးထဲမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်းနှင့် ကိုထွေးမောင်တို့မှာ ကိုကျော်တင်အောင်၏ နေအိမ်ပေါ်မှ ဗုံးတွေ့သည်ဟုဆိုကာ ဆက်စပ်သံသယဖြင့် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရပြီး ဗိုလ်ကြီး ပြည့်ဖြိုးအောင်က အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (စျ) ဖြင့် တရားစွဲထားကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးတင်ညိုက ပြောသည်။
ထို့အပြင် ကိုစံချစ်အောင်၊ ကိုလှသန်းမောင်နှင့် ကိုအောင်လွင်စိုးတို့ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်းက တောင်ကုတ်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဆက်စပ်သံသယအပြင် ရက္ခိုင့်တပ်တော် (AA) အား ငွေကြေးထောက်ပံ့သည့် သံသယတို့ဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရကာ ဗိုလ်ကြီးဝေယံဦးက အကြမ်းဖက်မှုပုဒ်မ ၅၀ (စျ)၊ ၅၀ (ည)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
အလားတူ ဗိုလ်ကြီး ဝေယံဦးက မောင်ကြီး၊ မောင်ငယ်နှင့် ကိုသန်းနိုင်တို့ကိုလည်း မောင်ကြီး၏ နေအိမ်အတွင်းရှိ ဗီရိုမှ ဓါတ်ခဲများတွေ့သည်ဟုဆိုကာ မသင်္ကာ၍ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀ (စျ) ဖြင့် တရားစွဲထားကြောင်း သိရသည်။
“ကိုသန်းနိုင်က တောင်ကုတ်မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပြီးတဲ့နောက် သံတွဲခရိုင်တရားရုံးမှာ စွဲချက်ထပ်တင်ဖို့ ပြင်ဆင်နေတာက မအောင်မြင်တဲ့အတွက် အဲဒီအမှုက သူလွတ်သွားခဲ့ပြီးပြီ။ အခု ဒီအမှုက သူ့မှာ သီးသန့်တစ်ခု ကျန်နေသေးတာပေါ့။ ဒီအမှုကတော့ မလွတ်သေးဘူးပေါ့။ အဲဒီ အမှုကကျတော့ မောင်ကြီးရဲ့အိမ်မှာ ဗီရိုထဲက ဓါတ်ခဲ နှစ်စုံနဲ့ ယမ်းတောင့်တွေတွေ့တယ်ဆိုပြီးတော့ ဖမ်းသွားတာပေါ့။”ဟု ပြောသည်။
ထိုအမှု သုံးခုလုံးမှ တရားလိုများ ယမန်နေ့က တရားရုံးသို့ မရောက်သည့်အတွက် ဇွန်လ ၂၉ ရက်နေ့အား ရုံးချိန်းထပ်မံ ခေါ်ဆိုလိုက်ကြောင်း သိရသည်။
“အခုရုံးချိန်းက တရားလိုကို စစ်ရမဲ့ရက်ပေါ့နော်။ တရားလိုက မရောက်တော့ အမှုက ဘယ်လိုမှ ရှေ့တိုးလို့ အဆင်မပြေဘူး။ အမှုအခြေနေက ဘယ်သူ့မှ မစစ်ရသေးဘူး။ တရားလိုကို စစ်ဆေးဖို့ လုပ်နေတုန်းကာလပဲ ရှိပါသေးတယ်။ တရားလိုကို တရားရုံးက အကြိမ်ကြိမ်ဆင့်ခေါ်ခဲ့ပြီးပြီ။ တရားလိုက မရောက်ဘူးပေါ့။ အမှု သုံးခုစလုံးက တရားလိုတွေ တရားရုံးကို မလာဘူး။” ဟု ၄င်းက ဆက်ပြောသည်။
တရားလိုများအနေဖြင့် ရုံးချိန်းသို့ မရောက်သည့်အတွက် အမှုမှာ မစစ်ဆေးရဘဲ ရပ်တန့်နေ၍ တရားစွဲဆိုခြင်းခံထားရသူများအနေဖြင့် နစ်နာမှုရှိကြောင်း မောင်ကြီး၏ အစ်မ မခင်ဆွေမိုးက ပြောသည်။
“မောင်ကြီးနဲ့ မောင်ငယ်က ကျမရဲ့ မောင်အရင်းတွေပေါ့။ အသက် အခုမှ ၁၈ လောက်ပဲ ရှိသေးတာ။ အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်ပြီ။ ရုံးချိန်းတွေကို တရားလိုမရောက်တော့ အမှုက မစစ်ရဘူး။ အခုလို အထဲမှာ ကလေးတွေ နေရတော့ ကျမတို့ စီးပွားရေးလည်း အရမ်းနစ်နာတယ်။ သူတို့လည်း အိမ်အတွက် တစ်ဖက်တစ်လမ်းက ဝင်ကူနေကြတာလေ။ အခုဆို သူတို့ရုံးချိန်းကိုတစ်ခေါက်သွားရင် ငွေ တစ်သိန်းလောက်ကုန်တယ်။” ဟု ပြောသည်။
လက်ရှိတွင် ၄င်းတို့မှာ သံတွဲအကျဉ်းထောင်၌ ထိန်းသိမ်းခြင်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ