ချစ်အိလှိုင်
နိရဥ္စရာ၊ဇွန် ၁၇/၂၀၂၁
ရက္ခိုင့်တပ်တော်(AA)က ဖမ်းထားသည့်စစ်သုံ့ပန်းများအထဲမှ ၆ ဦးကို ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က မြောက်ဦးမြို့နယ်၊ ကျောက်ကျပ်ကျေးရွာတွင် တပ်မတော်အရာရှိများထံလွှဲပြောင်း ပေးလိုက်ကြောင်းသတင်းရရှိသည်။
မျက်မြင်ရွာသာတစ်ဦးက“ တပ်မတော်ဖက်ကကားနှစ်စီးနဲ့လာတယ်။ စကြာမုနိဘုရားလမ်းက ဆင်းလာတယ်။ တပ်မတော်က ၁၅ ယောက်လောက်ဘုန်းကြီးကျောင်းထဲဝင်လာတယ်။ AA ကအဲဒီ ကျောက်ကျပ် ဘုန်းကြီးကျောင်းမှာနေရာယူထားတာပါ။ လွှဲပေးတဲ့ သုံ့ပန်းကအကုန်ခြောက်ယောက်ပါ။နာမည်တွေတော့ ကျွန်တော်အလွတ်မရဘူး။ အတော်ကြည့်ကောင်းတဲ့ အရာပါ။ ဝမ်းသာစရာပေါ့ဗျာ။”ဟုပြောသည်။
ရက္ခိုင့်တပ်တော်မှအရာရှိ ဗိုလ်မှူးထိပ်ချွန်းဆိုသူနှင့် မြန်မာ့တပ်မတော်အရာရှိဗိုလ်မှူးသန်းဝင်းဌေးတို့ဦးဆောင်ကာ သုံ့ပန်းလွှဲပြောင်းရေးလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံခဲ့ရသူတစ်ဦးဖြစ်သည့်မန္တလေးတိုင်းမှ ရဲအုပ်ဝင်းတင့်၏ ဇနီးဒေါ်ဝင်းဝင်းသန်းက “ ကျွန်မတို့ သတင်းကြားတာက ၁၁ ရက်နေ့ကဆယ်ယောက်တစ်ခါလွတ်တယ်။ ၁၆ ရက်နေ့က ဆယ်ခုနှစ်ယောက် တစ်ခါ လွတ်တယ်ဆိုပြီးပေါ့။ ဒါပေမဲ့ကျွန်မအမျိုးသားက ကျွန်မတို့ဆီကို ဆက်သွယ်မလာသေးပါဘူး။လွတ်တဲ့အထဲသူပါဖို့ ကျွန်မက သူအဖမ်းခံရပြီးနောက်ပိုင်း နေမကောင်း ဖြစ်နေတာပါ။ဆုတောင်းနေမိတာပါ။ အဆက်အသွယ်ရဖို့ ကူညီပေးကြပါရှင်” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူနှင့် ရက္ခိုင့်တပ်တော်(AA) မှပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိသေးပါ။