Preview

သံတွဲ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖယ်ရှားခံလိုက်၇သည့် အိမ်ထောင်စု ၂၉ စု နစ်နာကြေးလုံး၀မရသေး၍ အခက်အခဲဖြစ်နေဟုဆို

ဇွန် ၁၇/ ၂၀၂၁ | ကြည့်ရှုသူ :9474
ရခိုင် သတင်း

ချစ်အိလှိုင်

နိရဥ္စရာ၊ဇွန် ၁၆/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်မှ သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းမြေနေရာအတွက် ဖယ်ရှားခံလိုက်ရသည့်ကျေးရွာနှစ်ခုမှ အိမ်ထောင်စု ၂၉ စုမှာ လျော်ကြေးငွေလုံး၀မရရှိသေးသဖြင့်နေထိုင်စားသောက်ရေး အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

 

သံတွဲမြို့နယ်ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာမှ အိမ်ခြေ ၄၆၁ ဆောင်မှာ တောင်ကုတ်မြို့သို့သွားလမ်းမိုင်တိုင် ၁၈ အနီး ဒေါ်မြရွာနှင့် ဂိန်ချောင်းဆည်အနီးသို့ ယခုနှစ် ဧပြီလအတွင်းကပြောင်းရွှေ့ခဲ့၇ခြင်းဖြစ်သည်။

 

၄င်းတို့အထဲမှတချို့မှာ လျော်ကြေးငွေအရစ်ကျအသီးသီးရရှိထားကြသော်လည်း အိမ်ထောင်စု ၂၉ စုမှာလျော်ကြေးငွေ လုံး၀မရရှိသေးသည့်အတွက် စားသောက်နေထိုင်ရေး အခက်အခဲဖြစ်နေသည်ဟုကာယကံရှင်များက ပြောသည်။

 

လျော်ကြေးငွေလုံး၀မရရှိသေးသည့်ဒေါ်မေဇင်အောင်က လျော်ကြေးငွေလုံး၀မရသေးတဲ့အတွက်ပြောနေရတာပါ။ တစ်ကျပ်တောင်မ၇သေးဘူး။ အိမ်ကတော့ ဟိုက အကြွေးယူ၊ ဒီကအကြွေးယူနဲ့ ဆောက်ထားတာမပြီးတပြီးဖြစ်နေပြီ။ အကြွေးသမားတွေက ဟိုကလာတောင်း၊ ဒီကလာတောင်းနဲ့။စားဖို့တောင်မရှိ၇တဲ့အထဲမှာပါ။ မိုးထဲလေထဲမှာ အခုထိမလုံခြုံသေးဘူး။သားသမီးလေးယောက် ရှိတယ်။ကလေးတွေမုန့်ဖိုးတောင်မရှိ။ ကန်စွန်းရွက်တောင်ဝယ်မစားနိုင်ဘူးဟုပြောသည်။

 

၄င်းတို့အားယမန်နေ့ဇွန်လ ၁၅ ရက်နေ့၊ နေ့လယ်က သံတွဲခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့က အစည်းအဝေးခေါ်ယူညှိနှိုင်းခဲ့ပြီးတစ်ပတ်တွင် ငွေနှစ်သိန်းကျပ်သာ ဘဏ်မှထုတ်ယူရန်ပြောဆိုမှုအပေါ် အားရမှုမရှိကြောင်းအဆိုပါကျေးရွာ ရွှေ့ပြောင်းရေးတာဝန်ခံဦးအောင်ကြီးက ပြောသည်။

ဒီမှာနေ၇တာအဆင်မပြေကြဘူး။မြေတွေကလည်းပြိုနေပါတယ်။ တောင်တွေလည်းပြိုနေပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းကလုံး၀မရှိဘူး။ ကျွန်တော်ကတော့ သိန်းကိုးဆယ်မှာ သိန်းနှစ်ဆယ် ရပါသေးတယ်။ငွေတစ်ကျပ်မှမရသေးတဲ့လူတချို့ကလည်း မဏ္ဍပ်ထိုးပြီးနေရပါတယ်။ မိုးရွာ၊ လေတိုက်ရင်ကလေးတွေကိုသူများအိမ်ကိုပို့ပေး၇တယ်။ မနေ့က အစည်းအဝေးမှာ တစ်ပတ်ကိုနှစ်သိန်းနှုန်းနဲ့ ဘဏ်အကောင့်ဖွင့်ပြီးထုတ်ပေးမယ်ပြောတယ်။ အဲဒီငွေနဲ့ ဘယ်လို အဆင်ပြေနိုင်မလဲနော်ဟုပြောသည်။

 

အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်သာစိန်က၄င်းတို့အနေဖြင့် ဘဏ်စနစ်အရ ငွေကို အကန့်အသတ်ဖြင့်သာထုတ်ပေးလျက်ရှိသည့်အတွက်အခက်အခဲဖြစ်နေကြခြင်းဖြစ်ကြောင်း ပြောသည်။

 

 ဘဏ်ကငွေထုတ်ပေးနိုင်သလောက်ရရှိမှာပါ။ အခက်အခဲတွေက ရှိကြတာပါပဲ။ ဒါပေမဲ့ သူတို့အတွက်ငွေဟာအပြည့်အစုံရှိပြီးသားပါ။ နိုင်ငံတော်က သူတို့ကို လျော်ကြေးပေးဖို့တွက်ငွေပမာဏကိုလည်း ပေးထားပြီးဖြစ်တယ်။ ဘဏ်စနစ်ကြောင့်သာ အခက်အခဲဖြစ်နေတာပါဟု ၎င်းကပြောသည်။

 

သံတွဲမြို့နယ်ရှိသူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရေးစီမံကိန်းအတွက် ရေကောက် ကျေးရွာအုပ်စုမှ ကျော်မျက်ကျေးရွာကို၂၀၀၉ ခုနှစ် မတ်လအတွင်းက ပြောင်းရွှေ့ခဲ့ရပြီး ကျန်ရှိနေသည့် ရေကောက်ကျေးရွာနှင့်ပုရစ်ကျေးရွာတို့ကို ယခုနှစ် ဧပြီလထဲတွင် အပြီးစီး ပြောင်းရွှေ့ခဲ့၇ခြင်းဖြစ်သည်။

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.