သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူမှ ရခိုင်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ခွင့်ရတော့မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 10k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၂၁/ ၂၀၂၁
ရခိုင်ပြည်နယ်အတွင်းမှ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူမှ ကုန်သွယ်ခွင့်ရတော့မည်ဟု ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးသန်းထွန်းက “ နယ်စပ်ကုန်သွယ်ရေးနဲ့ ဆက်စပ်ပြီးတော့ အခုအချိန်မှာလည်း ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းတကျလုပ်နေပါတယ်။ နောက်ပိုင်းဆိုရင်လည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့လူတွေပဲ ကုန်တင်ဘုတ်တွေမှာ လိုက်ရပါမယ်။ အသွားအလာ ကန့်သတ်ပြီး (၁ဝ)ရက် အတိအကျနေရမယ်။ အဲလိုပုံစံမျိုးတွေနဲ့ စည်းကမ်းချက်တွေကို ပိုပြီးတင်းကျပ်သွားမှာပါ။” ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးများမှတဆင့် ကိုဗစ်ပိုးကူးစက်မှုများပြားလာသည့်အတွက် ယခုကဲ့သို့ စည်းကမ်းတင်းကျပ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။
ရခိုင်နယ်စပ်ကုန်သွယ်ရေးစခန်းများရှိ လှေသမားများနှင့် အလုပ်သမားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပြီး နောက်ထပ်လည်း ထိုးနှံပေးမည့် အစီအစဉ်များရှိကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် တရားမဝင်နယ်စပ်ခိုးဝင်မှုများမှတဆင့် ကိုဗစ် ၁၉ ရောဂါပိုးကူးစပ်ခံရသူ (၇၁)ဦးအထိ ရှိလာနေပြီဖြစ်သည်။
ကူးစက်ခံရသူ ၆ဝ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူများဖြစ်ပြီး ၎င်းတို့ကို မော်တော်ဘုတ်အသီးသီးတွင် Quarantine ထားကာ စစ်ဆေးရာမှ ပိုးတွေ့ရှိထားခြင်းဖြစ်သည်။
ကူးစက်ခံရသူအများစုမှာ ရေပေါ်တွင် ကူးစက်နေကြခြင်းဖြစ်သည့်အတွက် ကုန်းတွင်းကူးစက်မှုဖြစ်ပေါ်လာမှသာ နယ်စပ်ကုန်သွယ်ရေးစခန်းများအား ပိတ်ပင်သွားမည်ဟု ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇွန်လ ၁၉ ရက်နေ့တွင် နိရဥ္စရာကိုပြောဆိုထားသည်။
ယင်းနောက် ယမန်နေ့ ဇွန်လ ၂ဝ ရက်နေ့တွင် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းအမျိုးသမီးတစ်ဦးတို့တွင် ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့ပြီး သူတို့နှင့်ထိတွေ့သူ(၅) ဦးသည်လည်း အသွားအလာကန့်သတ်ခံရကာ Quarantine ဝင်နေရကြောင်း သိရသည်။
၎င်းတို့သည် မည်သည့်နေရာမှ ရောဂါပိုးကူးစက်လာခဲ့သည်ကို လောလောဆယ် မသိရသေးပေ။
မောင်တောမြို့ဒေသခံ ဒေါ်ခင်စောဦးက "မောင်တောဒေသခံအနေနဲ့ပြောရရင် တစ်ဘက်နို်င်ငံက ခဏခဏ ခိုးဝင်နေကြတာတွေရှိနေတယ်။ အဲဒါတွေကို အာဏာပိုင်အဖွဲ့အစည်းတွေက တင်းကျပ်စွာစောင့်ကြည့်ဖို့လိုပါတယ်။ ပြီးတော့ အဝင်အထွက်ဂိတ်တွေမှာလည်း စောင့်ကြည့်ဖို့လိုပါတယ်။ နောက်တစ်ခါ စျေးမှာလည်း နှာခေါင်းစည်းမတပ်တဲ့လူ၊ ကားပေါ်မှာလည်း နှာခေါင်းစည်းမတပ်တဲ့လူတွေကို အရေးယူဖို့လိုပါတယ်။ နယ်စပ်ဒေသမှာဆို ကညင်ချောင်းစီးပွားရေးဇုံဘက်မှာ အလုပ်သမားတွေက များနေတော့ စိုးရိမ်ရပါတယ်လေ။"ဟု နိရဥ္စရာကိုပြောသည်။
ရခိုင်ပြည်နယ်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုရှိပြီး မောင်တောရှိ ကညင်ချောင်းစီးပွားရေးဇုန်နှင့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်နေသည့် စခန်းများဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းရှိ ရေယာဉ်တစ်စီးအား ပိုးသတ်ဆေးဖြန်းနေစဉ်။

ဆက်စပ် သတင်းများ