ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ကျောင်းသား (၄) ဦးအမှု ယနေ့ရုံးထုတ်စစ်ဆေး၊ နောက်ဆုံးသက်သေ ရဲအုပ်အား ဇူလိုင် (၂) ရက်နေ့ စစ်ဆေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 7.2k

ထက်အောင်
နိရဉ္စရာ၊ ဇွန် ၂၅/ ၂၀၂၁
ရခိုင်ပြည်နယ်၌ အစိုးရနှင့် စစ်တပ်၏ လုပ်ရပ်များအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်က ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား (၄) ဦးအား ယနေ့ စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး နောက်ဆုံးကျန်ရှိနေသည့် သက်သေ ရဲအုပ်အား ဇူလိုင် (၂) ရက်နေ့ စစ်ဆေးမည်ဟု သတင်းရရှိသည်။
ကျောင်းသားများအား တရားစွဲဆိုထားသည့် နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အမှုတွင် တရားလိုပြသက်သေ (၆) ဦးလုံးအား စစ်ဆေးပြီး ဖြစ်ကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉ ၌ တရားလိုပြသက်သေ (၈) ဦးရှိသည့်အနက် (၇) ဦးစစ်ဆေးပြီးဖြစ်ကာ ကျန်သည့် နောက်ဆုံးသက်သေ တစ်ဦးဖြစ်သော ရဲအုပ် တင်လင်းမောင်အား လာမည့် ဇူလိုင်လ (၂) ရက်နေ့ ရုံးချိန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ကျောင်းသားများအမှုအား လိုက်ပါဆောင်ရွက်နေသည့် အမှုဆောင်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။
“ ၅၀၅(ခ) အမှုမှာတော့ သက်သေတွေ အကုန်စစ်ဆေးပြီးပါပြီ။ လျှောက်လဲချက်အဆင့်ပဲ ရှိပါတော့တယ်။ ပုဒ်မ ၂၉ နဲ့အမှုမှာတော့ နောက်ဆုံးသက်သေတစ်ယောက်ပဲ စစ်ဖို့ကျန်ပါတော့တယ်။ ဒီနေ့ရုံးချိန်းမှာ ကျောင်းသားတွေ ကျနော့်ကို မေးတာက အမှုစစ်တာ ဘယ်လောက် ကြာနိုင်သေးလဲ ဆိုပြီး မေးတာရှိပါတယ်။ အမှုကြန့်ကြာဖို့ မကြာဖို့ဆိုတာကလည်း သက်သေအပေါ်မှာ မူတည်နေပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ကျရင်တော့ သက်သေတွေ အကုန်လုံးစစ်ဆေးပြီးမှာပါ။ အဲလိုစစ်ဆေးပြီးရင်တော့ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်အဆင့်ရောက်မှာပါ” ဟု ပြောသည်။
လက်ရှိ အမှုရင်ဆိုင်နေရသည့် ကျောင်းသားခေါင်းဆောင်များမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလက အစိုးရနှင့် တပ်မတော်၏လုပ်ရပ်များကို စစ်တွေတွင်ဆန့်ကျင်ဆန္ဒပြခဲ့ကြ၍ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၉ တို့ ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် အမှုဖွင့် တရားစွဲဆို ခံထားရခြင်း ဖြစ်သည်။
ထိုကျောင်းသားများအမှုမှ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်နိုင်က တရားလိုဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ပုဒ်မ ၂၉ တွင် တရားလိုမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယဦးစီး ဦးအောင်ဇံဝေ တို့က စစ်တွေမြို့နယ်တရားရုံးတွင် တရားလိုလုပ်ကာ တရား စွဲဆိုထားခြင်း ဖြစ်သည်။
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) သည် ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် (၂) နှစ်အထိ ချမှတ်နိုင်ပြီး ဘေးစီမံ ပုဒ်မ ၂၉ အမှုတွင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် (၁) နှစ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ