Preview

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ရခိုင်မှကျောင်းအချို့ ယာယီပိတ်ထားရ

ဇူလိုင် ၀၇/ ၂၀၂၁ | ကြည့်ရှုသူ :3561
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂/ ၂၀၂၁
ရခိုင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းတချို့၌ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် စာသင်ကျောင်း ၄ ကျောင်းထက်မနည်း ယာယီပိတ်ထားရကြောင်း သိ၇သည်။
၄င်းတို့မှာ ကျောက်တော်မှ ၁ ကျောင်း၊ မောင်တောတွင် ၂ ကျောင်းနှင့် သံတွဲမြို့နယ်တွင် ၁ ကျောင်းတို့ ဖြစ်သည်။
မောင်တောမြို့နယ်တွင် ဆရာမ နှစ်ဦး၌ ပိုးတွေ့သည့် ကျောင်းကို နှစ်ပတ်ခန့် ယာယီ ပိတ်ထားမည် ဖြစ်ပြီး ကျောင်းသား ၊ ကျောင်းသူ ၄ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည့် ကျောင်းစာသင်ခန်းများကို ပိတ်ထားကြောင်း မြို့နယ် ပညာရေးမှူး ဦးကြာစိန်အောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ ဆရာမနှစ်ယောက်တွေ့တဲ့ကျောင်းတွေကို ယာယီပိတ်ထားပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ တွေ့ထားတဲ့ကျောင်းက သုံးကျောင်းရှိတယ်။ အဲဒါတွေကိုတော့ စာသင်ခန်းတွေကို ပိတ်ထားပါတယ်။ ဇွန် ၃၀ ရက်နေ့အစည်းအဝေးမှာတော့ ဆရာမနှစ်ဦးရဲ့ကျောင်းတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ နောက်ထပ်ကလေးတွေ တွေ့တဲ့ကျောင်းတွေကိုတော့ အစည်းအဝေးမှာ တင်ပြရပါမယ်။ ပိတ်ဖို့မပိတ်ဖို့ အဲဒီအခါကျမှ သိရပါမယ်” ဟု မောင်တောမြို့နယ် ပညာရေးမှူးက ပြောသည်
မောင်တောမြို့နယ်တွင် မူလွန်(၆)မှ ဆရာမတစ်ဦး၊ မူလွန် ကုန်ဘုတ်ကျောင်းမှ ဆရာမတစ်ဦး၊ အလက(ခွဲ) အမက(၁၂) မှ ကျောင်းသားတစ်ဦး နှင့်ကျောင်းသူတစ်ဦးနှင့် အထက(၁) မှ ကျောင်းသူ တစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိထားခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်၊ ခွဆုံကျေးရွာ အထက (ခွဲ) ကျောင်းမှ ဆရာမတစ်ဦးမှာ အနံ့မရသဖြင့် ဆေးစစ်ချက်ယူထားရပြီး စာသင်ကျောင်းကို ယာယီ ပိတ်ထားရေကြောင်း ၄င်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမောင်တင်အေးက ပြောသည်။
“ သူ့ကို ကိုဗစ်ပိုးရှိတယ်လို့မသေချာသေးဘူး။ အနံ့ပျောက်လို့ အစစ်ခံထားတာပါ။ မြို့နယ်က ထောက်ခံချက်ယူပြီးမှ အတည်ဖြစ်ပါမယ်။ ကျောင်းကို လောလောဆယ် အခြေအနေအရ တစ်ရက်နားလိုက်တာပါ” ဟုပြောသည်။
အလားတူ သံတွဲမြို့နယ်၊ ငပလီမြို့၊အလက(ကျွဲသောက်ကုန်း)ကျောင်းမှ ဇွန်လ ၂၅ ရက်နေ့ ကျောင်းဆရာမတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အဆိုပါကျောင်းကို ၁၀ ရက်ခန့် ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
၄င်းသံတွဲမြို့တွင် တွေ့ရှိသည့် အဆိုပါ ကျောင်းဆရာမနှင့် ထိတွေ့သူ မိသားစုဝင် သုံးဦးမှ တဆင့် ထိတွေ့ဖူးသူများဖြစ်သည့် လင်းသာကျေးရွာ (အထက) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာဆရာမတချို့တွင် ထပ်မံ၍ ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် လင်းသာကျေးရွာ အထက ကျောင်းကိုလည်း တရားဝင် မပိတ်ထားသော်လည်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်ခြင်း မရှိကြောင်း သံတွဲမြို့ဒေသခံများ၏ ပြောပြချက်အရသိ၇သည်။
ကိုဗစ်ပိုးကူးစက်ခံရသည့် ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ၊ ဆရာမ တို့နှင့် ပတ်သက်၍ မေးမြန်း စုံစမ်းရန် ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းအား ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိသေးပါ။

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.