အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစ်တွေတွင် ကိုဗစ်သံသယရှိသူ အမျိုးသမီးတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၉/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်၌ ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ် သံသယရှိသူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အသက်(၆၈)နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ဆီးချို၊ သွေးတိုးနှင့် လေဖြန်းရောဂါအခံရှိသူဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနကို ပြောသည်။
သေဆုံးသူ၏ မြေးက “ အဖွားက သူ့ညီမလင်မယားနဲ့နေတာပါ။ ဖျားတာ ၁ဝ ရက်လောက်ရှိခဲ့တယ်။ ကျွန်မတို့ကလည်း ဆေးရုံမှာ အမျိုးတစ်ယောက်နေမကောင်းတာကို ပြုစုနေရတော့ အဖွားဆီကိုမသွားဖြစ်ခဲ့ဘူး။ မနေ့ကညနေပိုင်း ဆေးခန်းသွားပြတော့ ဆေးရုံတင်ဖို့ပြောတယ်လို့သိရတယ်။ ဒီနေ့မနက်တော့ ဆုံးနေတာပါ။ အန့ံမရတာမရှိခဲ့ပေမယ့် သူ့ရောဂါလက္ခဏာက ကိုဗစ်သံသယရှိလို့ ကျွန်မတို့ ရွှေရောင်မေတ္တာအသင်းကို အကူအညီတောင်းပြီး သင်္ဂြိုလ်ခဲ့ပါတယ်။” ဟုပြောသည်။
သေဆုံးသူနှင့် အနီးကပ် ထိတွေ့ခဲ့ရသည့် အသက် ၆ဝ ကျော်အရွယ် ညီမဖြစ်သူ လင်မယားသည်လည်း လက်ရှိတွင် ဖျားနေပြီး မနက်ဖြန် ဆေးရုံတွင် ဆေးစစ်ချက်သွားယူရန်ပြင်ဆင်ထားသည်ဟု သူမက ဆက်ပြောသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ကိုမင်းထည်ဝါကလည်း “ အစက အစ်ကိုတို့ကို ဖုန်းဆက်တော့ ကိုဗစ်သံသယရှိတယ်လို့ကြိုမပြောတော့ ဒီတိုင်းသွားခဲ့ကြတာ။ ကံကောင်းလို့ အထဲဝင်ခါနီးမှ အနီးအနားကလူတွေ တားကြတယ်လို့ပြောတယ်။ နောက်တော့အခြေအနေကို အမှန်သိရမှ PPE ဝတ်စုံနဲ့ သင်္ဂြိုလ်ဖို့ကိစ္စအထိ လုပ်ပေးခဲ့ကြတယ်။”ဟုပြောသည်။
အဆိုပါသံသယလူနာသေဆုံးမှုနှင့်ပတ်သက်၍ စစ်တွေဆေးရုံအုပ်ဒေါက်တာ ကြည်လွင်အား ဆက်သွယ်ခဲ့သော်လည်း မအားလပ်သဖြင့် ဖြေကြားနိုင်ခြင်းမရှိဟုပြောကာ ဖုန်းချသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ ၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ရဝဝ ခန့်၊ ဆေးရုံဆင်း ၁ဝဝ ကျော်နှင့် သေဆုံးသူ ၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနစာရင်းများအရ သိရသည်။
ဓာတ်ပုံ - ရွေရောင်မေတ္တာဖောင်ဒေးရှင်း

ဆက်စပ် သတင်းများ