အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ်တွင် ဇူလိုင် ၁၉ ရက်နေ့က ကိုဗစ်လူနာအမျိုးသမီး ၂ ဦးသေဆုံးခြင်းမှာ အောက်စီဂျင်ပြတ်၍ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇူလိုင် ၂၀/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီကျော်က သေဆုံးသည့် ကိုဗစ်လူနာအမျိုးသမီး ၂ ဦးလုံးမှာ အောက်ဆီဂျင် မလုံလောက်သဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း တာဝန်ကျဆရာဝန် ဒေါက်တာဇင်အောင်လင်းက အတည်ပြုပြောဆိုသည်။
သေဆုံးသူ နှစ်ဦးမှာ ကိုင်းရှည်ကျေးရွာမှ ရောဂါအခံမရှိသူ အသက်(၆၃)နှစ် အမျိုးသမီးနှင့် သာယာအေးကျေးရွာမှ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူ အသက်(၈ဝ )နှစ် အမျိုးသမီးတို့ ဖြစ်ကြကြောင်း ၎င်းကပြောသည်။
“ သူတို့နှစ်ယောက်စလုံးအောက်ဆီဂျင်ပြတ်သွားပါတယ်။ အောက်ဆီဂျင်က ဇူလိုင် ၁၈ ရက် ညနေဖက် အောက်ဆီဂျင် ၆ လုံးပဲရတယ်။ အဲဒီ ၆ လုံးနဲ့ ဘယ်လိုမှ မခံနိုင်ဘူး” ဟုပြောသည်။
လက်ရှိတောင်ကုတ်ဆေးရုံတွင် အောက်ဆီဂျင်ပေးထားရသူ လူနာ ၃၃ ဦး ရှိကြောင်းသူက ဆက်ပြောသည်။
“အောက်ဆီဂျင်လောလောဆယ်မှာ လုံလောက်မှုရှိတယ်လို့ ပြောနေတာက မှားနေပါတယ်။ အောက်ဆီဂျင်က မလုံလောက်နိုင်ပါ။ တောင်ကုတ်ဆေးရုံ အတွက် အောက်ဆီဂျင်က တစ်ရက်မှာ အလုံး ၉ဝနဲ့အထက်မှာလိုတယ်။ ကျွန်တော်တို့ တစ်ရက်မှာ အောက်ဆီဂျင်အလုံး ၆ဝ အောက်မှာပဲ ရနေပါတယ်” ဟု ဒေါက်တာဇင်အောင်လင်းက ဆက်ပြောသည်။
တောင်ကုတ်ဆေးရုံကြီး ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် ရရှိရေး ကူညီ ဆောင်ရွက်ပေးနေသူ အမည်မဖော်လိုသူတစ်ဦးက “ အောက်ဆီဂျင် ပြတ်တယ်ဆိုတာက ညတုန်းကတော့ တကယ် ပြတ်သွားတယ်။ ဆုံးတာကတော့ တကယ်အောက်ဆီဂျင်ပြတ်လို့ဆုံးတာပါ။ ကျောက်ဖြူနဲ့ သံတွဲကလည်း အောက်ဆီဂျင်အကူညီမရခဲ့ဘူး။ တောင်ကုတ်ရှင်သန်ရေး အဖွဲ့က ၁၂ လုံးပို့ထားတယ်။ အဲဒီ ၁၂ လုံးနဲ့ ကိုဗစ်ဌာနကိုရောက်တာက ညနေဖက် ၆ လုံးပဲကျန်တာ။ အောက်ဆီဂျင်ပြတ်လို့ သေတာတော့ ဟုတ်ပါတယ်” ဟုပြောသည်။
၎င်းနောက် ယမန်နေ့ နေ့လယ် ၁နာရီအချိန်တွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ပံ့ပိုးကူညီမှုနှင့်အတူ မြိုမိမြို့ဖဦးကျောက်တောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် တပ်မတော်ယာဉ်များဖြင့် အောက်စီဂျင်အိုး (၆၀)လုံး ရောက်ရှိလာရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက လွှဲပြောင်းရယူပြီး မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာဇင်အောင်လင်းတို့ကို ပေးအပ်ခဲ့ကြောင်း တောင်ကုတ်မြို့နယ် Covid-19 သတင်းမှန်ပြန်ကြားရေး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ