Preview

ရခိုင်တွင်မြို့နယ်အလိုက် ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများနှင့် စက်လှေလိုင်းများရပ်နား

ဇူလိုင် ၂၁/ ၂၀၂၁ | ကြည့်ရှုသူ :9464
ရခိုင် သတင်း


သျှင်မင်းဇံ

နိရဥ္စရာ၊ ဇူလိုင် ၂၁/၂၀၂၁

 

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ULA က ကိုဗစ်ကာကွယ်ရေးအတွက်ဇူလိုင် ၂၀ မှစပြီး  ၂ ပတ်ခန့် အိမ်တွင်းနေထိုင်ရန်ကန့်သတ်လိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် ယနေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများ၊ စက်လှေလိုင်းများ ရပ်နားသွားပြီဟု သိရှိ၇သည်။

 

ပေါက်တောမြို့ ဘုတ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမောင်နီချေကပေါက်တောနဲ့စစ်တွေအကြား ပြေးဆွဲနေတဲ့ စက်လှေတွေကို ဒီနေ့စပြီး ရပ်နားလိုက်ပါပြီ။ ရွာတွေနဲ့ ပေါက်တောအကြားပြေးဆွဲနေတဲ့ စက်လှေတွေလည်း ဒီနေ့က စပြီး အသွားအလာ မရှိတော့ပါဟု ပြောသည်။

 

ဆက်တက်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက သူတို့ရွာနှင့်စစ်တွေအကြား ပြေးဆွဲနေသည့် စက်လှေလိုင်းကို ယနေ့ တစ်ရက်သာ ခွင့်ပြုပြီး မနက်ဖြန်က စပြီးရပ်နားမည်ဟု ပြောကြားသည်။

 

မောင်တောနှင့် စစ်တွေကို သွားလာသည့် မေယုမြစ်၀ကို ဖြတ်သန်းပြေးဆွဲနေသည့် ရေချမ်းပြင်နှင့် အငူမော် စက်လှေလိုင်းများကိုလည်း ယနေ့တစ်နေ့သာ ခွင့်ပြုပြီးမနက်ဖြန်က စပြီး ရပ်နားတော့မည့် ဖြစ်ကြောင်း စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

 

ဒီစက်လှေလိုင်းကို မနက်ဖြန်က စပြီး ရပ်နားပါမယ်။ ဒီနေ့ကလမ်းပိတ်မယ်ဆိုတာ မသိတော့ သွားလာကြတာ ရှိသေးတဲ့အတွက် ဒီနေ့ တစ်နေ့ခွင့်ပြုပြီး မနက်ဖြန်ကစပြီးပိတ်ပါမယ်။ လှေနဲ့သွားလာခွင့်ပြုမှာ မဟုတ်ဘူး။ ရွာတွေမှာလည်း ကိုဗစ်ကြောင့် အဝင်အထွက်တွေ ပိတ်ထားကြပါပြီဟု ပြောကြားသည်။

 

၇သေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ် အပါအဝင် မြို့နယ်အတော်တော်များများရှိ ကျေးရွာများတွင် ရွာများကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားသဖြင့်စက်လှေများ အသွားအလာမရှိတော့ဟု သိ၇သည်။

 

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အတွင်း ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများလည်းရပ်သွားပြီဖြစ်ကာ  ပြည်မသို့ ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းနှင့် ကုန်တင်ကားယာဉ်များ ဆက်လက်ပြေးဆွဲနေကြောင်း သတင်း သိရှိ၇သည်။

 

အောင်ပြည့်စုံကား ဂိတ်မှူး ကိုကျော်မျိုးနိုင်က အခုကတော့ ပြေးဆွဲနေသေးတယ်။ ပြေးဆွဲဆိုတာကလည်း ပုံမှန်တော့မဟုတ်ဘူး။ ကားတစ်စီးဖို့  ကုန်ပြည့်ရင် ထွက်တယ်ပေါ့။ဒါပေမဲ့ ကျွန်တော်တို့ ကားမှတော့ ကိုဗစ်တတိယလှိုင်းဖြစ်တယ်ဆိုလောက်ကနေ ခရီးသည်တွေ မတင်တော့ဘူး။ကုန်နဲ့ပဲ သွားနေတာပါဟု ပြောသည်။

 

ရခိုင်တွင် ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ရက္ခိုင့်တပ်တော်က(၂) ပတ်တိတိ Stay at Home အိမ်တွင်နေခိုင်းသည့်ကိုOnline ပေါ်မှာ ဖတ်ရကြောင်း၊ သို့သော်လည်း ပြည်မသို့ပြေးဆွဲနေသည့်ယာဉ်လိုင်းများ ပိတ်ထားလိုက်လျှင် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားနိုင်သဖြင့် ဆက်လက်ပြေးဆွဲရန်လိုအပ်ကြောင်း ၎င်းကပြောသည်။

 

ယာဉ်လိုင်းတွေကို ပိတ်လိုက်လို့ရှိရင်ရခိုင်မှာ ကုန်စည်စီးဆင်းမှုတွေ ရပ်သွားမယ်။ ကုန်ဈေးနှုန်းတွေ တက်လာမယ်။ ဒီကလူတွေစားဝတ်နေရေး အခက်တွေ့နိုင်တယ်ဟု ပြောသည်။

 

စစ်တွေ-ကျောက်တော်-မြောက်ဦးသို့ ခရီးသည်တင်ပြေးဆွဲနေသည့်ကားသမား ကိုမောင်နီက ကားမောင်းမထွက်တာသုံးရက်လောက်ရှိပြီ။ ကိုဗစ်နဲ့ ရွာဝင်ခွင့်တွေ ပိတ်လို့ လူတွေလည်း မသွားကြဘူး။ အဲကြောင့်ရပ်နားထားကြတာဟု ပြောသည်။

 

လက်ရှိတွင် စစ်တွေမြို့နှင့် ရန်ကုန်၊ မန္တလေးကို ဗဟိုပြုပြေးဆွဲနေသည့်ယာဉ်များဖြစ်ကြသည့် ရွှေပြည်သစ်၊ ကြံတိုင်းအောင်၊ တိုးရတနာ၊ ရိုးမန္တာလာ၊ အောင်ပြည်စုံ၊အောင်သစ္စာ၊ မန်းသစ္စာ၊ အကယ်ဒမီ၊ မင်းထက်သာ၊ ကစ္ဆပ ခရီးသည်တင် Express ယာဉ်လိုင်းများမှာ ခရီးသည်များ တင်ဆောင်ခြင်းထက်  ကုန်စည်များကို အဓိက တင်ဆောင်ပြီး ပြေးဆွဲနေကြောင်းကားဂိတ်မှူးများထံမှ သိ၇သည်။

 

 

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.