သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

သက်တော်(၄၃)နှစ်သာရှိသေးသည့် ကျောက်တော်မြို့နယ်စပါးဆိပ်ဆရာတော်ကိုဗစ်ဖြင့်ပျံလွန်တော်မူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၃၁/ ၂၀၂၁

သက်တော် ၄၃ နှစ်၊ ဝါတော် (၂၅) ဝါရှိသည့်  သာရှိသေးသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ် ကျေးရွာဆရာတော်အရှင် ဣန္ဒာဘိဓဇသည် ယနေ့ နံနက် ၆ နာရီခွဲခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ပျံလွန်တော်မူသွားကြောင်း အနီးကပ်ပြုစုပေးခဲ့သည့် ကိုမျိုးထွန်းလှိုင်က ပြောသည်။

ဆရာတော်က ကိုဗစ်ဖြစ်လို့ ကျောက်တော်ဆေးရုံကို တင်ခဲ့တယ်။ အဲဒီကတည်းက အောက်စီဂျင်တွေ ပေးထားရပါတယ်။ ဆရာတော်က ရင်ဘတ်တွေအောင့်တယ်၊ လည်ပင်းတွေနာတယ်ဆိုပြီး ပြောခဲ့ပါတယ်။ ရောဂါက ပြင်းတော့ စစ်တွေဆေးရုံကို ပြောင်းတင်ခဲ့တာပါ။ ဒီမှာပဲ ဆုံးပါတယ်ဟု ပြောသည်။

ဆရာတော်မှာ ကိုဗစ်ကူးစက်ခံရမှုကြောင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျောက်တော်ဆေးရုံသို့ တင်ဆောင်ခဲ့ကြောင်း၊ ရောဂါပြင်းထန်သည့်အတွက် ယင်းမှတစ်ဆင့် ဇူလိုင်လ ၂၉ ရက်နေ့တွင် စစ်တွေဆေးရုံကြီးသို့ ပြောင်းယူလာခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

ဆရာတော်မှာ ဘာရောဂါအခံမှ မရှိပါဘူး။ ဒီနေ့ မနက် ၁၁ နာရီလောက်မှာ စစ်တွေမှာပဲ သင်္ဂြိုလ်မှာပါ။ ဒီမှာ စီစဉ်နေကြပါတယ်ဟု ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြင့် ဆရာတချို့ ပျံလွန်တော်မူနေရာ ဇူလိုင် ၂၂ ရက်နေ့က ကျောက်ဖြူ ပရဟိတကျောင်းဆရာတော်ကြီး ဦးကောဏ္ဍည ၊ ဇူလိုင် ၂၁ ရက်နေ့က စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်ရှိ အာစာရမဏ္ဍိုင်(မောင်တောဆားပြင်) ကျောင်းတိုက်ဆရာတော် ဦးအာစရ၊ ဇူလိုင် ၁၉ ရက်နေ့က စစ်တွေဆေးရုံကြီးတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဆရာတော် အပါအဝင် နောက်ထပ်ရဟန်းတော် တစ်ပါးတို့ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇူလိုင်လ ၃၀ ရက်နေ့ထိကိုဗစ်ကူးစက်ခံရသူ ၂၇၁၄ ဦးရှိခဲ့ပြီး လက်ရှိ မြို့နယ်အလိုက် ဆေးရုံအသီးသီးတို့တွင် ဆေးကုသမှုခံယူနေရသည့် ကိုဗစ်လူနာ စုစုပေါင်း ၈၆၀ ဦးရှိကာ သေဆုံးသူ ၁၇၅ ဦး ရှိပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ