ချစ်အိလှိုင်
နိရဥ္စရာ၊ဩဂုတ် ၂/ ၂၀၂၁
ကိုဗစ်ကြောင့် အခြေခံပညာကျောင်းများပိတ်ထား၍ ရခိုင်တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမ များနှင့် နေ့စားပညာရေးဝန်ထမ်းများမှာ လစာမရရှိသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြကြောင်း အဆိုပါဆရာ/ ဆရာမများကနိရဥ္စရာသတင်းဌာနသို့ ဆက်သွယ်ပြောကြားသည်။
၄င်းတို့မှာနေ့စား၊ လပေး စနစ်ဖြင့်ပညာရေးဌာနမှတိုင်းရင်းသားဘာသာ သင်ကြားရန် ခန့်အပ် ထားသူများဖြစ်ကြောင်း၊သို့ရာတွင် ဇူလိုင်လအတွင်း ကျောင်းပိတ်ထား၍ လစာမရရှိကြသဖြင့်စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း၊ ၎င်းတို့မှာ အစိုးရခန့် နေ့ပေးထားသည့် နေ့စား လပေးဝန်ထမ်းများဖြစ်၍ ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းပိတ်ထားရသဖြင့် ၎င်းတို့က ပျက်ကွက်ခြင်းမဟုတ်၍ အစိုး၇အနေ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်မှ အပ ကျန်ရက်များကို တွက်ချက်ပြီး လစာထုတ်ပေးသင့်သည်ဟု ၎င်းတို့ကပြောဆိုသည်။
ရသေ့တောင်မြို့နယ်ပြင်ခေါင်ကျေးရွာမူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်နေသူ ဆရာတစ်ဦးက “အထက်လူကြီးတွေသိအောင်သတင်းတင်ပေးစေလိုပါတယ်။ တချို့ဆိုရင် စားဝတ်နေရေး အဆင်မပြေဘူး။ကျွန်တော်တို့က နိုင်ငံတော်က တရားဝင်ခန့်ထားတာပါ။ နောက်ပိုင်းရမယ်ဆိုပြီး အကြောင်းကြားရင်တော်ပါသေးတယ်။အခုက ဘာအကြောင်းပြချက်မှမရှိပဲ မ၇တာပါ။ ကျွန်တော်တို့ကျတော့ ဝန်ထမ်းမဟုတ်သလို၊ နှိမ်သလိုခံစားရပါတယ်။ကျွန်တော်တို့လည်း စေတနာထားပြီး သင်ပြပေးကြတာချင်းအတူတူ လစာကိုလည်း တခြားဝန်ထမ်းတွေနဲ့အတူတူ၇ချင်ပါတယ်” ဟုပြောသည်။
ရခိုင်တိုင်းရင်းသားဘာသာပြဆရာ/ဆရာမများမှာ ၂၀၁၉ ခုနစ် စက်တင်ဘာလအတွင်းက တစ်ကြိမ်၊ ၂၀၂၁ ခုနစ် ဇွန်လကတစ်ကြိမ် တစ်နေ့ကို ငွေ ၄၈၀၀ ကျပ်ဖြင့် အစိုး၇ခန့်အပ်ခဲ့ကြောင်း မြောက်ဦး မြို့ပေါ် အလယ်တန်းကျောင်းတစ်ကျောင်းမှနေ့စားဆရာမတစ်ဦးက ပြောသည်။
“ ကျွန်မမှာက ကလေးတစ်ယောက်နဲ့ပါ။ ယောကျာ်းကလည်း ဝန်ထမ်းဆိုတော့ သူ့လစာ တစ်ခုတည်းနဲ့မရပ်တည်နိုင်ပါဘူး။ ကျွန်မတို့ တိုင်းရင်းသားစာသင်တဲ့ဆရာ၊ ဆရာမ တွေကို လစာမပေးတော့ဘူးဆိုရင်အတော်အခက်အခဲရှိမှာပါ။ အခုက ကျောင်းဖွင့်ရာသီပါ။ ရောဂါကြောင့် ပိတ်ထားတာပါ။ကျွန်မတို့ပျက်ကွက်လို့ လည်းမဟုတ်ပါဘူး။ကပ်ရောဂါနဲ့ ပိတ်ထားတာဆိုတော့ လစာတွေ ပြန်၇ချင်ပါတယ်” ဟုပြောသည်။
တိုင်းရင်းသား ဘာသာစာပေကိုအားပေးရန် နိုင်ငံတော်က မူဝါဒ ချထားသည်ဟု ဆိုသော်လည်းလက်တွေ့တွင် တိုင်းရင်းသားဘာသာ စာပေ သင်ကြားသူ ပညာရေးဝန်များကို နေ့စားအနေဖြင့် သာခန့်အပ်သည့် အပြင် နွေရာသီကျောင်းပိတ်ရက်များတွင်လည်း လစာမ၇၊ ကျောင်းပိတ် ရက်တိုင်းလစာမ၇ဖြစ်နေကြသဖြင့် အထူးနစ်နာနေကြ၇ပြီး နိုင်ငံ့ဝန်ထမ်းတိုင်းအတူတူလစာပေးရန် တောင်းဆိုလိုကြောင်း သူမက ပြောသည်။
မောင်တောမြို့နယ်ပညာရေးမှူးဦးကြာစိန်အောင်က “ တရားဝင်ကျောင်းပိတ်ထားလို့မ၇တာ။အလုပ် မလုပ်ရင်မရဘူးသူတို့က။တစ်ရက်စာ၊ တစ်ရက်စာကိုစုထားပြီး လကုန်မှပေးတာ။ ကျောင်းတက်တဲ့ နေ့ကိုပဲရမယ်။ကျောင်းပြန်ဖွင့်ရမယ်။ စားဝတ်နေရေးအဆင်မပြေတာကိုလည်း ဘယ်လိုလုပ်မလဲ ဝန်ထမ်းဆိုရင်လစာပေးတယ်။ကျန်တာမှ မရှိတာပညာရေးဌာနမှာ။ အရင်ကတော့ နှစ်လစာ ကြိုတင်ချေးတယ်။ ကိုဗစ်တွက် စီစဉ်ထားပေးတယ်။ဒီနှစ်ကတော့ ဘာအစီစဉ်မှ ရှိတာမကြားသေးဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ်ပညာရေးမှူးဦးတင်သိန်းကအဆိုပါကိစ္စနှင့် ပတ်သက်၍နေပြည်တော်ရုံးချုပ်မှ ဇွန်လတစ်လအတွက်သာ ဘားဂျတ်ချပေးသည်ကိုသိရှိ၇ကြောင်းပြောသည်။
“ သူတို့အတွက် ဇွန်တစ်လစာပဲ ချပေးထားတယ်တဲ့ရုံးချုပ်က။ တိုင်းရင်းသားဘာသာဆရာ၊ ဆရာမ(LT)နဲ့ နေ့စားဆရာ၊ဆရာမ(TA)တွေလည်း မရဘူး။သူတို့ အရေအတွက်ကတော့ အတိအကျမသိဘူး။ မနှစ်ကလည်း ပိတ်တဲ့ကာလတွေမှာမ၇ဘူး။ သူတို့ကအမြဲတမ်းဝန်ထမ်း မဟုတ်လို့ပါ။ရုံးချုပ်ကိုမေးကြည့်၇ပါမယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင်ပညာရေးဝန်ထမ်း ၂၉၀၀၀ ခန့်ရှိပြီး ၎င်းအထဲတွင် နေ့စားနှင့် တိုင်းရင်းသားဘာသာဆရာ၊ ဆရာမ အရေအတွက် မပါဝင်ကြောင်း၊ သို့ရာတွင် တိုင်းရင်းစာပေသင်ဆရာဆရာမဦးရေမှာ ထောင်နှင့်ချီရှိနေပြီး အတိအကျကို ပြည်နယ် ပညာရေးဌာသို့ မေးရာတွင်လည်း တိတိကျကျပြောဆိုနိုင်ခြင်း မရှိသေးသဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။