- Web Master
- ၁၇ သြဂုတ် ၂၀၂၂
ရဲသွေးနီနီ (စည်တောင်)
နိရဥ္ဇရာ၊ ဩဂုတ် ၂ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နှင့်မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင် ၂၆ ရက် နေ့မှစ၍ ၃ ရက်ဆက်တိုက်မိုးရွာသွန်းခဲ့မှုကြောင့် ရွာပေါင်း ၄၂ ရွာမှ လူပေါင်း ၆ ထောင်ကျော် ရေဘေးဒဏ်ခံခဲ့ရသည်ဟု သိရသည်။
အဆိုပါ ၃ ရက်အတွင်း မောင်တောမြို့နယ်တွင် မိုးရေချိန်လက်မ ၂၂.၉၆ လက်မနှင့် ဘူးသီးတောင်မြို့နယ်တွင် ၁၃.၇၉ လက်မအထိမိုးရွာသွန်းခဲ့သည့်အတွက် ယခုကဲ့သို့ ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ရခြင်းဖြစ်သည်။
မောင်တောခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှွှန်ကြားရေးမှူး ဦးမောင်မောင်ကြီးက " မောင်တောမြောက်ပိုင်းမှာ ၉ ရွာ၊ ဘူးသီးတောင်မြောက်ပိုင်းမှာ ၃၃ ရွာ ရေမြုပ်ခဲ့တယ်။ ဘေး/စီမံ က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေအတွက် ဆန်တစ်ပတ်စာ ပေးခဲ့တယ်။ ဘူးသီးတောင်မှာတော့ ဌာနဆိုင်ရာအစုံပါတယ်။ သူ့အုပ်စုနဲ့သူဖွဲ့ထားတာ။ ဘယ်အုပ်စုကို ဘယ်အဖွဲ့ဆိုပြီးတော့။ မောင်တောမှာတော့ မြို့နယ်စီမံအုပ်ချုပ်ရေးကပေါ့။ အပျက်စီးတော့မရှိဘူး။"ဟု နိရဥ္ဇရာသတင်းဌာနသို့ပြောသည်။
အဆိုပါရေဘေးသင့်ဒေသများမှာ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျေးရွာ ၉ ရွာမှ အိမ်ထောင်စု ၄၁၉ စု၊ ကျား ၈၆၂ ယောက်၊ မ ၈၉၅ ယောက်၊ စုစုပေါင်းလူဦးရေ ၁၇၅၇ ယောက် နှင့် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်းတွင် ကျေးရွာ ၃၃ ရွာမှ အိမ်ထောင်စု ၁၁၄၆ စု၊ ကျား ၂၈၉၀ ယောက်၊ မ ၃၄၂၆ ယောက်၊ စုစုပေါင်းလူဦးရေ ၆၃၁၆ ယောက် ရေဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။
ယင်းအပြင် ဘူးသီးတောင်မြို့နယ် ပြင်ခေါင်ချေကျေးရွာတွင် နွား ၈ ကောင်၊ ဆိတ် ၃ ကောင်၊ ဝက် ၁၀ ကောင်နှင့် ကြက် ၃ ကောင်သည်လည်း ရေဘေးအတွင်း သေဆုံးမှုဖြစ်ခဲ့ကြောင်း သိရသည်။
၎င်းရေဘေးသင့်ကျေးရွာများသို့ ဇူလိုင် ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်မှ ဌာနဆိုင်ရာအဖွဲ့အစည်းများကသွားရောက်၍ မာမီးခေါက်ဆွဲခြောက်များနှင့် ကြက်ဥများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - အနောက်တံခါးမှူး