သန္တာကျော်ဇော
နိရဥ္စရာ၊ သြဂုတ် ၁၅/ ၂၀၂၁
စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသောရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်စခန်းများကို ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့)ကစားနပ်ရိက္ခာများ ပြန်လည် ထောက်ပံ့ခွင့်ရရှိတော့မည်ဟု သတင်းရရှိသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှသယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းကို နိရဉ္စရာသတင်းဌာနကဆက်သွယ်မေးမြန်းရာ ၎င်းအဖွဲ့အနေဖြင့် ပြန်လည်ထောက်ပံ့နိုင်တော့မည်ဟု အတည်ပြုပြောကြားသည်။
“ကိုဗစ်ကြောင့်ယာယီရပ်နားထားခိုင်းပေမဲ့အခုတော့ အရင်လိုပြန်ပြီးထောက်ပံ့နိုင်တော့မှာပါ။ အခုလာမဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလောက်မှသူတို့ ရောက်အောင်သွားလိမ့်မယ်” ဟု ပြောသည်။ရခိုင်ကစစ်ဘေးရှောင်စခန်းအချို့ကို ICRC မှတစ်လလျှင်အိမ်ထောင်စု တစ်စုစီအတွက်ဆန် ၅၀ ကီလို တစ်အိတ်၊ လောင်စာခဲ (မီးသွေး) ၅၀ ကီလိုတစ်အိတ်နှင့် အခြား ဆီ၊သကြား၊ဆား စသည့်စားနပ် ရိက္ခာများ ထောက်ပံ့ ပေးကြောင်း သိ၇သည်။
ထိုကိစ္စနှင့်ပတ်သက်၍ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးစိုးနိုင်အားမေးမြန်းရာတွင် ၎င်းက “ကျွန်တော်တို့ကိုမြောက်ဦး ICRC ရုံးခွဲကဒီနေ့မှာပြောတာကတော့ သူတို့လည်း တိတိကျကျ သေချာမသိဘူးလို့ပြောတယ်။တိတိကျကျသိ၇တဲ့အခါတော့ ကျနော်တို့ကို အသိပေးမယ်လို့တော့ ပြောတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်စခန်းအချို့သည် လက်ရှိအချိန်တွင်ရိက္ခာပြတ်လပ်မှုဘေးနှင့် ရင်ဆိုင်နေရပြီး ကိုဗစ်ကြောင့် အပြင်ထွက်ပြီးရှာဖွေစားသောက်ရန်လည်းအခက်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။
ရခိုင်ပြည်နယ်အစိုး၇၏ ကိုဗစ်ကာလ ကန့်သတ်ချက်ကြောင့် ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့တွင် ကိုဗစ်ကြောင့်ICRC မှစားနပ်ရိက္ခာ ထောက်ပံ့မှုများကို ယာယီရပ်နားခဲ့ရသဖြင့် စခန်းတချို့တွင် ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့လာ၇ပြီးနောက်ပိုင်း ယနေ့တွင် ပြန်လည်ထောက်ပံ့မှုများကိုယခင်အတိုင်း ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိ၇သည်။
(Photo by ICRC)