Preview

ဓာတ်မြေသြဇာဈေးနှုန်းများ အဆမတန်မြင့်တက်လာနေ၍ လယ်သမားများအခက်အခဲကြုံနေရ

သြဂုတ် ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :1440
ရခိုင် သတင်း

ဇော်ဝင်းအောင်
နိရဥ္စရာ၊ သြဂုတ် ၁၈/၂၀၂၁
ရခိုင်ပြည်နယ်အတွင်း ယခုနှစ်တွင် ဓာတ်မြေသြဇာဈေးနှုန်းများအဆမတန်မြင့်တက်လာနေ၍ အခက်အခဲများကြုံနေ၇ကြောင်း လယ်ယာစိုက်ပျိုးသူများကပြောသည်။
ယခင်နှစ်များက ဓာတ်မြေသြဇာတစ်အိတ်ကို ဈေးနှုန်း ၃၀,၀၀၀ ဝန်းကျင်ရှိခဲ့ရာ ယခုနှစ်မှာ ဈေးနူန်း ၆၀,၀၀၀ ဝန်းကျင်အထိ မြင့်တက်လာပြီး ဓာတ်မြေသြဇာအသုံးပြုရန် အခက်အခဲရှိနေကြောင်း ပေါက်တောမြို့နယ်၊ ချောင်းနွယ်ကျေးရွာမှ လယ် ၆၀ ဧကကျော်စပါးစိုက်ပျိုးသူ ဦးထွန်းအောင်ဇံကပြောသည်။
"ဓာတ်မြေသြဇာဈေးနှုန်းအဆမတန်မြင့်တက်လာတော့ လယ်သမားတွေအနေနဲ့ အခက်အခဲရှိပါတယ်။ ဓာတ်မြေသြဇာ တစ်အိတ်ဆိုရင် ၃ ဧကလောက်အသုံးပြုပါတယ်။ ဒီနှစ်မှာတော့ ဈေးလည်းမြင့်တယ်။ ပြီးတော့ ကိုယ်မှာရှိနေတဲ့ စပါးကိုတောင် ဝယ်ယူမယ့်သူမရှိဘူး။ ငွေကြေးလည်ပတ်မှုလည်း အားနည်းတဲ့အတွက် ပုံမှနု်အသုံးပြုဖို့လိုအပ်တဲ့ ဓာတ်မြေသြဇာ ပမာဏ ရဲ့တစ်ဝက်လောက်တောင် အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဓာတ်မြေသြဇာတွေသုံးခဲ့တော့ အခုမသုံးတော့ရင် ပျိုးပင်တွေလည်းမကောင်းဘူး။ စပါးထွက်နှုန်းလည်းနည်းပါတယ်" ဟုပြောသည်။
ယခုနှစ် ဧပြီလမှစပြီး ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ငွေကြေးမတတ်နိုင်၍ မသုံးနိုင်တော့သည့် လယ်သမားများလည်း ရှိနေသည်ဟု သိ၇သည်။
မင်းပြားမြို့နယ်မှ လယ် ၄ ဧကစပါးစိုက်ပျိုးသူ ဦးသာထွန်းအောင်ကလည်း "ဓာတ်မြေသြဇာဈေးနှုန်းက နှစ်ဆလောက်တက်နေတော့ ဒီနှစ်မှာ ဓာတ်မြေသြဇာအသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ပျိုးပင်တွေကလည်းသိပ်မကောင်းကြဘူးဆိုတော့ ဓာတ်မြေသြဇာအသုံးပြုဖို့တော့လိုအပ်ပါတယ်။ ဒါပေမယ့်ငွေကြေးမတတ်နို်င်တော့ မသုံးမနိုင်ပါဘူး။" ဟု ပြောသည်။
ကိုဗစ်ကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်နေခြင်းဖြစ်ပြီး ယခုကဲ့သို့ ဈေးနူန်းမြင့်တက်လာနေ၍ အရောင်းအဝယ်နည်းပါးလာကြောင်း စစ်တွေမြို့၊ မပြုံးပြုံးဓာတ်မြေသြဇာ ဆိုင်ပိုင်ရှင် ဒေါ်မမြအေးကပြောသည်။
"ဓာတ်ပြေသြဇာက ဈေးနှုန်းက အဆမတန်တက်လာတော့ ရောင်းတဲ့သူတွေအတွက်လည်း ဝယ်တဲ့သူတွေနည်းသွားတဲ့အတွက် အရောင်းအဝယ်လုပ်ရတာအဆင်မပြေပါဘူး။ ဝယ်တဲ့သူတွေကလည်း အရင်နှစ်တွေကလို့အများကြီးမဝယ်နိုင်ကြဘူး။ အရင်နှစ်တွေကဆိုရင် ဒိုင်တွေက ဓာတ်မြေသြဇာအိတ်တွေ အများကြီး ယူပြီးရောင်းနိုင်တယ်။ ဒီနှစ်က ဒိုင်တွက သွားဝယ်ရင် တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြီးဈေးနှုန်းမြင့်လာတယ်။ ကိုဗစ်ကြောင့် ကုန်စည်ပို့ဆောင်မူအခက်အခဲတွေကြောင့်လည်းပါမယ်ထင်ပါတယ်။ ဓာတ်မြေသြဇာဈေးနှုန်းက နောက်ထပ်လည်းမြင့်တက်လာဖို့ အခြေအနေမြင်ပါတယ်" ဟုပြောသည်။
လက်ရှိ ပျိုးပင်များစတင်ဖွံ့ဖြိုးကြီးထွားလာပြီဖြစ်၍ ဓာတ်မြေသြဇာအသုံးပြုရန်လိုအပ်ချိန်တွင် ယခင်နှစ်များကထက် ဓာတ်မြေသြဇာဈေးနှုန်း နှစ်ဆခန့် မြင့်တက်နေခြင်းဖြစ်သည်။

40 Comments

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.