Preview

ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေသူ ၄ ဦးစလုံး အလောင်းတွေ့

သြဂုတ် ၂၂/ ၂၀၂၁ | ကြည့်ရှုသူ :4567
ရခိုင် သတင်း

သျှင်မင်းဇံ

နိရဥ္စရာ၊သြဂုတ် ၁၉ / ၂၀၂၁

၇ခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာသည့် လူ (၉)ဦးစီးနင်းလာသော ဟွန်ဒါစက်တပ်လှေငယ်တစ်စီး နစ်မြုပ်၍ ကန်ပူးရွာကပျောက်ဆုံးနေ ၄ဦးစလုံး အလောင်းအားပြန်ရှာတွေ့ရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ၄ ဦးအနက် ၃ ဦး၏အလောင်းအား ရှာတွေ့ထားပြီးနောက် ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ နံနက် ရနာရီခန့်က ဒေါ်ဘုမယေ၏အမျိုးသားဖြစ်သူ ဦးခင်သန်းမောင် အသက် (၄၂ နှစ်)၏အလောင်းအားရှာတွေ့ခဲ့ပြီဖြစ်၍ ပျောက်ဆုံးနေသူအားလုံး၏အလောင်းကိုရှာတွေ့ခဲ့ပြီဟု ပုဏ္ဏားကျွန်းမြို့နယ်ကန်ပူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းစိန်မောင်က ပြောသည်။

" ဒီနေ့မနက်ကဦးခင်သန်းမောင် အလောင်းကိုတွေ့ပြီဆိုတော့ အားလုံးကို တွေ့ပါပြီ။ ဒီနေ့ မနက် ရနာရီလောက်က တွေ့တာပါ။ အခုက ရွာကို ယူလာပါပြီ" ဟု နိရဥ္စရာသို့ ပြောသည်။

ဦးခင်သန်းမောင်၏အလောင်းအားရင်းဒါးကျေးရွာနှင့် စေတီပြင်ကျေးရွာကြား၌ မြစ်ကမ်းဘေးတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီးအလောင်းအား ကန်ပူးကျေးရွာသချင်္ိုင်းတွင်ထားရှိကာ ယနေ့ နေလယ် ၁ နာရီအချိန်ခန့်တွင်သင်္ဂြိုလ်သွားမည်ဟု သိ၇သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်ပြီးခဲ့သည့်ရက်ပိုင်းက ဟွန်ဒါစက်လှေနစ်မြုပ်ရာမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား၁ ဦး၊ စုစုပေါင်း ၄ ဦးပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသူများအနက်သြဂုတ်လ ၁၆ ရက်နေ့ ညဥ့် ၁၁ နာရီခန့်တွင် ဒေါ်ဘုမယေ (၃၈ နှစ်)၏ အလောင်းအားရင်းဒါးကျေးရွာအနီး မြစ်ရွှံ့နွံပြင်၌ ရှာတွေ့ခဲ့ပြီး ဒေါ်ဦးဆန်းယဉ် (၄၅ နှစ်)၏ရုပ်အလောင်းကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ရ နာရီခွဲအချိန်ခနောင်းကြီးကျေးရွာအနီး ရင်းဒါးမြစ်ထဲတွင် တွေ့ရှိခဲ့သည်။

အလားတူမဖြူဖြူသန်း (၂၂ နှစ်)၏ အလောင်းအား ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁နာရီခွဲခန့်က ရင်းဒါးကျေးရွာအနီး မြစ်ထဲတွင် တွေ့ရှိခဲ့သည်။

ယခုသေဆုံးသွားသူ၄ ဦးအပါအဝင် လူ (၉)ဦးစီးနင်းလိုက်ပါလာသော ဟွန်ဒါစက်လှေတစ်စီးသည် သြဂုတ်လ ၁၆ ရက်နေ့ညနေ ၆ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းတွင် မျှစ်ခူးပြန်လာစဉ်ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်းပေါ်ရှိ စေတီပြင် တံတားအနီး တောဖျားချောင်းအတွင်းရေစီးပြင်း၍ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

ရေနစ်မြုပ်သေဆုံးသူများအနက်မဖြူဖြူသန်းသည် အပျိုဖြစ်ပြီး ဒေါ်ဦးဆန်းယဉ်သည် မုဆိုးမဖြစ်ကာ သားသမီး ၄ဦးကျန်ခဲ့သည်ဟု သိ၇သည်။

အလားတူဦးခင်သန်းမောင်နှင့် ဇနီးဖြစ်သူ ဒေါ်ဘုမယေတို့တွင် သားသမီး ၃ ဦးကျန်ခဲ့ကြောင်းရွာသားများက ပြောသည်။

မြေပုံမြို့နယ်အငူအုပ်စု အငူကျေးရွာမှ အမျိုးသမီး ၄ ဦးသည်လည်း ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်နေ့ကမျှစ်ခူး၍ အိမ်ပြန်လာစဉ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.