ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ပါတီလုပ်ရပ်များနှင့်ပတ်သက်၍အမြင်မတူသလို ပါတီနိုင်ငံရေးလမ်းကြောင်းကို မယုံကြည်တော့၍ ပါတီကနုတ်ထွက်ခြင်းဟု ဦးဖေသန်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.6k


အေးမြတ်ခိုင်
နိရဥ္စရာ၊ သြဂုတ် ၂၀/၂၀၂၁
ပါတီ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး အမြင်သဘောထားမတူသလို ပါတီ နိုင်ငံရေး လမ်းကြောင်းနှင့် လက်အချိန်တွင် အမျိုးသားရပိုင်ခွင့်ကို တောင်းဆို၍ မိမိတို့ လိုချင်သော လမ်းကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်မည်ဟု မယုံကြည်တော့၍ ပါတီက နုတ်ထွက်ခြင်း ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းကပြောဆိုသည်။
ရခိုင်အမျိုးသားပါတီမှ ဦးဖေသန်းနုတ်ထွက်ရခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနက ယနေ့ ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောကြား သွားခြင်း ဖြစ်သည်။
“အဓိကတော့ ပါတီမှာလုပ်နေတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အမြင် သဘောထား မတူတာကြောင့် ပေါ့လေ။ နောက်တစ်ချက်ကတော့ ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ သွားလို့ မိမိတို့ရဲ့ အမျိုးသား ရပိုင်ခွင့်ကို တောင်းဆိုတဲ့နေရာမှာ အားနည်းနေပြီ။ ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေး ဆိုတာကလည်း အခုချိန်မှာအလုပ်မဖြစ်တော့ဘူး” ဟု ဦးဖေသန်းက ပြောဆိုသည်။
လွှတ်တော်နိုင်ငံရေးကို အရင်ကလည်း လုပ်ကိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းပြင် လက်ရှိအချိန်တွင် မိမိတို့လိုချင်သောလမ်းကို ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့် မရောက်နိုင်တော့ဟု ယုံကြည်ထားကြောင်း ၎င်းက ပြောဆိုသည်။
“ အရင်တချိန်ကလည်းလုပ်ခဲ့ပြီးပြီ။ အခုချိန်မှာ စစ်ကောင်စီအာဏာသိမ်းမှုနဲ့ လွှတ်တော်နိုင်ငံရေး ဆိုတာက နှစ်ပေါင်းများစွာကြာသွားနိုင်တယ်။ ဒါကြောင့် အဲဒီဖက်ကို ပုဂ္ဂိုလ်ရေးအရ၊ မူအရ မကြိုက်တာတွေရှိသလို အဲဒီလမ်းကို သွားနေလို့လည်း မိမိတို့လိုချင်တဲ့လမ်းကို မြန်မြန်ဆန်ဆန်၊ အောင်အောင်မြင်မြင် ရနိုင်ဖို့ မယုံကြည်တာကြောင့်လည်း ပါတယ်”ဟုပြောသည်။
ရခိုင်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဟောင်းလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ (ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်း ဖြစ်သည့် ဦးဖေသန်းသည် ၂၀၂၁ ခုနှစ် ဇွန်လ (၁၃)ရက်နေ့က ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီက ဦးဖေသန်း နုတ်ထွက်ခွင့်တင်ထားသော်လည်း ပါတီက နုတ်ထွက်ခွင့် ပေးသည်/ မပေးသည်ကို မသိရသေးသော်လည်း ပါတီနှင့် ပတ်သက်မှု၊ သက်ဆိုင်မှုမရှိတော့ကြောင်း၊ ပါတီက နုတ်ထွက်ထားသော်လည်း အမျိုးသားရေးလှုပ်ရှားမှုကို ကျရာနေရာက ပါဝင် ထမ်းဆောင် သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
“သူတို့ဆီကနုတ်ထွက်ခွင့်တော့ မပေးသေးဘူး။ သူတို့အစည်းအဝေးနဲ့ ဆုံးဖြတ်မလား။ ညီလာခံ ရောက်မှ ဆုံးဖြတ်မလားတော့မသိဘူး။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်ကတော့ ပါတီနဲ့မဆိုင်တော့ဘူး ဆိုတာကိုတော့ ပြောချင်တယ်။ ငယ်ငယ်ကနေ နိုင်ငံရေးလုပ်လာတယ်။ တောက်လျှောက်လည်း ပါတီနိုင်ငံရေးလုပ်လာခဲ့တယ်။ အသက်ကြီးမှ ကိုယ့်ပြည်သူတွေရဲ့ အကျိုး အတွက် မလုပ်ဆောင်တော့ဘူးဆိုတဲ့ သဘောတော့မဟုတ်ဘူး။ ကျတဲ့ နေရာကနေ သေတဲ့ အထိ အမျိုးသားရေးကိုလုပ်သွားမယ်”ဟု ပြောသည်။
ဦးဖေသန်းနုတ်ထွက်လွှာတင်ထားခြင်းအပေါ်အတည်ပြုပြီး နုတ်ထွက်ခွင့် ပြုပေးရန် အခက်အခဲမရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP)ပါတီမှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က နိရဉ္စရာသတင်းဌာနကို ပြောသည်။
“အခုကိုဗစ်ကာလကလည်း ဖြစ်တော့ အစည်းအဝေးပြုလုပ်ပြီး မဆုံးဖြတ် ရသေးဘူး။ ဒါပေမယ့် အခုက CEC ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို Zoom ကလုပ်နေရတာဆိုတော့ အစည်းအဝေး ကတော့ ဆုံးဖြတ်ချက် တစ်ခုကို ချပေးသွားမှာပါ။ ပါတီနဲ့ ပတ်သတ်လို့ ရှင်းလင်းစရာမရှိရင်တော့ နုတ်ထွက်ချင်ရင် နုတ်ထွက်ခွင့်ပေးဖို့ အခက်ခဲတော့မရှိပါဘူး”ဟု ပြောသည်။

ဆက်စပ် သတင်းများ