ရခိုင်ပြည်နယ်တွင် ယခုရက်သတ္တပတ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှုန်းများနှင့် အတည်ပြုလူနာသေဆုံးမှုများ ကျဆင်းသွားသော်လည်း ဂွမြို့နယ်တွင် ကိုဗစ်ပိုးတွေ့မှုနှုန်းမြင့်မားလာ၍ Stay at home ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရေး အစိုးရကစောင့်ကြည့်နေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ ၂၄ ၇ကေ်န့နံနက်ပိုင်းထုတ်ပြန်ချက်တွင် ဂွမြို့နယ်သည် ကိုဗစ်ပိုးတွေ့လူနာ ၆၅၇ ဦးဖြင့် အများဆုံးဖြစ်နေပြီး စစ်တွေမြို့သည် ၆၄၃ ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေသည်။
ယခုကဲ့သို့ ဂွမြို့နယ်တွင် ပိုးတွေလူနာတွေ့ရှိမှုမြင့်တက်လာ၍ သြဂုတ်လ ၂၅ ရက်အထိထပ်မံစောင့်ကြည့်ပြီး Stay at home ဒေသန္တရအမိန့်ထုတ်ပြန်နိုင်ရန် ကြိုတင်ဆောင်ရွက်ရန်ရှိကြောင်း သြဂုတ်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးခန်း၌ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဝန်ကြီးများပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်ဟု သိ၇သည်။
ဂွနာရေးကူညီမှုအသင်းခေါင်းဆောင်ကိုကျော်မြင့်မောင်က “ဒီမှာက သံသယလက္ခဏာရှိတဲ့ သူတွေအကုန်လုံးကို စစ်ပေးတော့ ၁၀ ယောက်မှာ ၈ ယောက်လောက်ကတော့ ပိုးတွေ့တယ်။ ပိုးက အစကတည်းက တော်တော်များများပြန့်နှံ့နေပြီးသားဖြစ်နေတော့ မစစ်ရသေးတဲ့သူတွေလည်း စစ်ကြည့်လိုက်ရင် ပိုးတွေ့လာနိုင်တဲ့ သဘောပါပဲ။ ဆေးရုံမှာတော့ ရောဂါသိပ်ပြင်းထန်တဲ့ သူတွေတော့မရှိဘူး။ အစိုးရက STAY AT HOME ချမှတ်ပေးလာဖို့ကိုလည်း သိပ်ပြီးထူးခြားမှုရှိမယ်လို့တော့ မထင်ပါဘူး။ အစကတည်းကနေလည်း စည်းကမ်းလိုက်နာမှုတွေ ရှိတယ်။ တအားကြီးတင်းကျပ်လိုက်ပြန်ရင်လည်း လူတွေအတွက် အခက်အခဲတွေပိုများလာမယ်လို့ ထင်တယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ယနေ့နံနက်ပိုင်းထုတ်ပြန်ချက်တွင် စစ်တွေ၌ ပိုးတွေ့လူနာ ၆၄၃ ဦး၊ ပုဏ္ဏားကျွန်း ၅၈ ဦး၊ ၇သေ့တောင် ၆၀ ဦး၊ ပေါက်တော ၆၇ ဦး၊ မြောက်ဦး ၁၄၃ ဦး၊ ကျောက်တော် ၁၈၈ ဦး၊ မင်းပြား ၁၁ ဦး၊ မြေပုံ ၄၇ ဦး၊ မောင်တော ၄၆၉ ဦး၊ ဘူးသီးတောင် ၁၄၄ ဦး၊ ကျောက်ဖြူ ၄၇၉ ဦး၊ ရမ်းဗြဲ ၁၂၂ ဦး၊ မာန်အောင် ၆၂ ဦး၊ အမ်း ၁၇၈ ဦး၊ သံတွဲ ၂၈၂ ဦး၊ တောင်ကုတ် ၁၇၄ ဦးနှင့် ဂွ ၆၅၇ ဦးရှိသည်ဟု ဖော်ပြထားသည်။
ကိုဗစ်ကြောင့် ၇ခိုင်တစ်ပြည်နယ်လုံး သေဆုံးသူမှာ ၃၆၇ ဦးအထိ ရှိသွားပြီဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့ထုတ်ပြန်ထားသည်။
ဂွမြို့နယ်တွင်ဆိုလျှင် ကိုဗစ်ကြောင့်သေဆုံးသူ ၁၆ ဦးအထိရှိနေသည်ဟုလည်း သိ၇သည်။
ဂွမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ကိုဗစ်ဖြစ်ပွားမှုမြင့်မားလာ၍ NLD အစိုးရက Stay At Home ဒေသန္တ၇အမိန့်ကို ထုတ်ပြန်ကြေညာခဲ့ဖူးသည်။
မြို့နယ်တိုင်းတွင်ထုတ်ပြန်ထားသည့် ယင်းအမိန့်ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပယ်ဖျက်ပေးခဲ့သည်။
Photo - Ko Kyaw Myint Maung