အေးမြတ်ခိုင်
နိရဥ္စရာ၊သြဂုတ် ၂၇/၂၁
၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းတွင် စစ်တပ်က စစ်ဆေးမှုတင်းကျပ်နေသလို စက်လှေများအား သေနတ်ပစ်ဖောက်၍ ခေါ်ယူစစ်ဆေးမှုများရှိနေသဖြင့် ခရီးသွားလာရာတွင် စိုးရိမ်စရာဖြစ်နေသည်ဟု ခရီးသွားများက ပြောဆိုသည်။
သြဂုတ်လ၂၅ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်ခန့်တွင် ကျောက်တော်မှ မီး၀ကျေးရွာကို အလှည့်ကျ ပြေးဆွဲနေသည့် စက်လှေတစ်စီးအား စစ်တပ်က စစ်ဆေးရန် ကမ်းမှ လှမ်းခေါ်ရာစက်လှေပိုင်ရှင်မှာ စက်လှေသံကြောင့် မကြား၇သည့်အတွက် သေနတ်ပစ်ဖောက်ခေါ်ယူ စစ်ဆေးခဲ့ကြောင်း အမည်မဖော်လိုသူ စက်လှေပိုင်ရှင် အမျိုးသမီးက နိရဥ္စရာသို့ပြောသည်။
“မုန့်သန်းပြင်အရှေ့ဖက်ကမ်းကလှမ်းခေါ်တယ်။အရီးတို့က ကုလားတန်မြစ်အနောက်ဖက် ကမ်းကသွားတာ သူတို့က သေနတ်ပစ်ပြီးလှမ်းခေါ်တော့ကမ်းကပ်တာပေါ့။ သူတို့က ဘာလို့ မကပ်တာလဲ၊ဘယ်ကိုသွားမှာလဲ၊ ဘယ်က လာတာလဲ၊ နောက်လှမ်းခေါ်ရင်ကပ်ရမယ်လို့ ပြောတယ်။ စက်လှေသံနဲ့မကြားရလို့ပါဆိုပြီးပြောပြရတယ်။တခြား စစ်ဆေးမှုတွေတော့မရှိဘူး။ အရင်ကလည်းဆန်အိတ်တွေဘာတွေပါရင် အရမ်းစစ်တယ်။ မနေ့ကလည်း နောက်စက်လှေတစ်စီးကိုစောင်ထုပ်တွေပါလို့ တအားစစ်တယ်လို့ကြားတယ်”ဟု ပြောသည်။
ယင်းစက်လှေတွင်လိုက်ပါလာသောခရီးသည်တစ်ဦးမှလည်း“အခုလိုတွေခေါ်စစ်ဆေးတာတွေရှိတော့ဘာမှတော့ မဖြစ်ပေမယ့် ကြောက်လန့်နေရတာပေါ့လေ။ ဘယ်ချိန်ဘာဖြစ်မလဲပြောလို့မ၇ဘူး”ဟု ပြောသည်။
ကုလားတန်မြစ်ကြောင်းတွင် အဓိကစစ်ဆေးသည့် တပ်စစ်ရေးဂိတ် ၂ ခုရှိပြီး တစ်ခုမှာ ကျောက်တော်မြို့အနီးမှတပ်မ ဌာနချုပ် စကခ(၉) ဖြစ်ပြီး နောက်တစ်ခုမှာ ပလက်မြို့တွင် အခြေစိုက်ထားသည့် တပ်ရင်း (၂၈၉) တို့ဖြစ်သည်။
၎င်းစစ်ဆေးရေးဂိတ် ၂ ခုမှ စက်လှေများ အဝင်အထွက်ကို ပုံမှန်စစ်ဆေးမှုများရှိသော်လည်း ယခုရက်ပိုင်းတွင် ကျောက်တော်မှ ပလက်၀သို့ကုန်ပစ္စည်းတင်ပို့သည့် စက်လှေများကိုမုန့်သန်းပြင် ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ခေါ်ယူစစ်ဆေးခြင်းနေကြောင်း ပြိုင်းတိုင်းကျေးရွာမှဦးမောင်မြသန်းကပြောသည်။
“စစ်ဆေးတဲ့နေရာကအရင်ကတော့ (၂၈၉) တပ်ရင်းရှိမယ်၊ ပြီးရင် ကျောက်တော်နားက တပ်မရှိမယ်။ မုန့်သန်းပြင်နားမှာတော့အရင်ကမစစ်ဘူး။ အခုက ကျောက်တော်ကနေ ပလက်၀ကို ကုန်ပစ္စည်း တင်
ပို့တာတွေနဲ့ ပတ်သက်ပြီး သင်္ကာမှုတွေနဲ့ မုန့်သန်းပြင်ကလှမ်းခေါ်တာလို့ကြားတယ်။ ခေါ်လို့ မကြားဘူး။ကမ်းမကပ်ဘူး ဆိုရင် သေနတ်နဲ့ ပစ်ခေါ်တယ်လို့ကြားတယ်” ဟုပြောသည်။
ကုလားတန်မြစ်အတွင်း ဖြတ်သန်း သွားလာနေသည့် ခရီးသည်စက်လှေများအားယခင် နေ့များကလည်းသေနတ်ပစ်ဖောက်ခေါ်ယူစစ်ဆေးမှုများရှိကြောင်း မီး၀ဒေသခံတစ်ဦးဖြစ်သည့် ကိုဘဗြဲချေကပြောသည်။
“စက်လှေတွေကိုအဲ့လိုမကပ်လို့ရှိရင် ပစ်ပြီးခေါ်တာပဲ။ သြဂုတ်လ (၁၉) ရက်နေ့ကရော၊ သြဂုတ်လ (၂၃)ရက်နေ့ကရောပစ်ခေါ်သေးတယ်လို့ကြားတယ်။ဘယ်စက်လှေမဆို သူတို့ခေါ်လို့ မလာရင်ပစ်တယ်”ဟု ပြောသည်။
ယခုလိုခေါ်ယူစစ်ဆေးမှုများနှင့်ပတ်သတ်ပြီး ဒေသခံပြည်သူများအကြား စိုးရိမ်မှုများရှိနေသဖြင့်တပ်ဘက်က သဘောထားကို သိရှိလို၍ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား မေးမြန်းရန်အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းလက်ခံဖြေကြားခြင်းမရှိခဲ့သဖြင့် တင်ပြနိုင်ခြင်းမရှိပါ။
(ဓာတ်ပုံ- ယခင်က ပြေးဆွဲနေသော ကျောက်တော်-ပလက်၀လိုင်း စက်လှေတစ်စီးကို တွေ့၇စဉ်)