မာန်ယုကျော်(ရွှေ၀မြေ)
စစ်တွေ၊သြဂုတ် ၂၇ / ၂၀၂၁
ရခိုင်ပြည်နယ်တွင်ယခုနှစ်အတွင်း မြေဆီမြေသြဇာဈေးနှုန်းမြင့်တက်၍ သုံးစွဲမှုနည်းပါးခဲ့သည့်အတွက်လာမည့်စပါးထွက်ရာသီတွင် စပါးအထွက်နှုန်း ၄၀ ရာနှုန်းအထိ လျော့ကျလာနိုင်သည်ဟုရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
၇ခိုင်ပြည်နယ်တွင်ယခုနှစ်အတွင်း လယ်ဧက ၈ သိန်းခန့်ကို ယခင်နှစ်များကကဲ့သို့ပုံမှန်အတိုင်းစိုက်ပျိုးနိုင်ခဲ့သော်လည်း မြေဆီမြေသြဇာဈေးနှုန်းများမြင့်တက်ခဲ့၍လယ်သမားအများစု မြေသြဇာ မသုံးစွဲနိုင်ဖြစ်ခဲ့၇သည့်အတွက် ယခုကဲ့သို့စပါးအထွက်နှုန်းလျော့နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“၇ခိုင်ဒေသတော်တော်များများကမြေဆီ၊ မြေသြဇာကို၊ ဓာတ်မြေသြဇာနဲ့ စိုက်ပျိုးမှုကပိုများလာတဲ့အခါ၊ ဒီနှစ်မှာကဓာတ်မြေသြဇာ မသုံးစွဲနိုင်။ ဓာတ်မြေသြဇာက တစ်ဆလောက်ကို တက်သွားတယ်ဈေးက။ဈေးတက်သွားတဲ့အတွက်ကြောင့် မသုံးစွဲနိုင်ဘူး။ မသုံးစွဲနိုင်တဲ့အပေါ်မှာကျနော်တို့တွေ စစ်ဆေးမှုတွေလုပ်နေပါတယ်။ ၄၀ရာခိုင်နှုန်းလောက်လျော့ကျသွားမယ့်အနေအထားရှိတယ် မနှစ်ကအထိထက်ပေါ့။ လွန်ခဲ့တဲ့သုံးနှစ်ဝန်းကျင်အတိုးအတွင်းမှာ၊ အရင်နှစ်တွေထက်လျော့ကျသွားမယ့် ရာခိုင်နှုန်းက ၄၀ရာခိုင်နှုန်းရှိပါတယ်။”ဟုပြောသည်။
၇ခိုင်တွင်ယခင်နှစ်များက ဓာတ်မြေသြဇာတစ်အိတ်လျှင် ကျပ် ၃ သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင်ကျပ် ၆ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက်မြေသြဇာများမသုံးစွဲနိုင်ခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများက ပြောသည်။
ပေါက်တောမြို့နယ်၊ချောင်းနွယ်ကျေးရွာမှ ဦးမောင်မြင့်အေးက “ဒီနှစ်က ဓာတ်မြေသြဇာဈေးနှုန်းတွေမြင့်တက်နေတော့ လယ်သမားတွေဓာတ်မြေသြဇာမသုံးနိုင်ကြဘူး။ ပြီးတော့ ဒီနှစ်က မိုးရေလည်းကြီးတယ်။ မြက်ပင်၊ပေါင်းပင်တွေလည်း များတယ်။ ပျိုးပင်တွေ သိပ်မကောင်ကြးဘူး။ပျိုးပင်တွေမကောင်းရင်လည်း မြေသြဇာတွေ၊ မြက်သတ်ဆေး၊ ပေါင်းသတ်ဆေးတွေမသုံးနိုင်ဘဲဒီအတိုင်းထိုင်ကြည့်နေရတယ်။ စပါးထွက်နှုန်းလည်း အရင်နှစ်တွေထက်အများကြီးလျော့ကျနိုင်ပါတယ်။ တခြားအလုပ်သမားစရိတ်တွေများတော့ လယ်သမားတွေအတွက်အကြွေးတွေများလာနိုင်ပါတယ်။”ဟုပြောသည်။
ယခုနှစ်စပါးအထွက်နှုန်းလျော့ကျလာနိုင်သည့်အတွက် ဆန်ဈေးနှုန်းများတက်လာနိုင်သည်ဟုလည်းရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းထားသည်။