Preview

ကျောက်ဖြူမြို့နယ် သိုင်းချောင်းရွာသို့ စစ်သား ၇၀ခန့် ရောက်ရှိနေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးထားခြင်းမရှိဟုဆို

သြဂုတ် ၂၈/ ၂၀၂၁ | ကြည့်ရှုသူ :2158
ရခိုင် သတင်း

သျှင်မင်းဇံ
နိရဉ်စရာ၊ သြဂုတ် ၂၇ /၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ သိုင်းချောင်းကျေးရွာသို့ နယ်မြေခံတပ်ရင်း ခလ၇ (၃၄) တပ်ရင်းမှ စစ်သား ၇၀ ခန့် ရောက်ရှိနေသည်မှာ ဟုတ်မှန်သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခံထားရပြီး ရွာသားများထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထွက်ပေါ်နေသော သတင်းမှာ မဟုတ်မှန်ကြောင်း သိုင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံကျော်ရီက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
" သူတို့က မနေ့ ၂၆ ရက်နေ့ကနေ ရောက်နေကြတာပါ။ ကျောက်ပြား အုပ်စုဘက်က လာကြတာလို့ သိရတယ်။ သူတို့က ယူနီဖောင်းတွေနဲ့ အရပ်ဝတ်တွေနဲ့လည်း ပါတယ်။ ရွာသားတွေက မနက် မိုးလင်းရင် လယ်ထဲသွား မိုးချုပ်မှာ ပြန်လာကြတယ်။ အခု စစ်သားတွေကိုတွေ့တော့ ဖမ်းဆီး စစ်ဆေးမှာကို စိုးရိမ်မှုတွေ ရှိတာပေါ့" ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
သို့သော်လည်း အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများကို ဖမ်းဆီးထားခြင်း၊ ကျေးရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေခြင်းစသည့် သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မှန်ကြောင်း၊ မိမိမှာ ကျေးရွာအတွင်းရှိနေကြောင်း၊ စစ်သားများမှာလည်း သိုင်းချောင်းကျေးရွာ၏ ဓမ္မာရုံနှင့် စာသင်ကျောင်းတွင် စခန်းချနေထိုင်လျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
သိုင်းချောင်းကျေးရွာမ ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးအောင်သာထွန်းက " စစ်တပ်ကတော့ စခန်းချလို့ ရှိပါတယ်။ လက်ရှိမှာ အေးအေးဆေးဆေးပါ။ သူတို့ကလည်း သူဟာနဲ့သူ သွားနေကြတယ်။ ကျနော်တို့ကလည်း ဒီတိုင်း သွားနေကြတယ်။ ထွက်ပြေးသွားတဲ့ သူရှိတယ်လို့ ပြောသံမကြားမိပါဘူး" ဟု ပြောသည်။
၎င်းကျေးရွာ၏ ယခုအခြေအနေနဲ့ ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖိုးစံက " ကျနော် အုပ်ချုပ်ရေးမှူး အဟောင်းကို မေးကြည့်တော့ အန္တရာယ် မရှိဘူးလို့ ပြောတယ်။ နယ်လှည့်တွေက မကြာခဏဆိုသလို့ ရောက်တယ်လို့ ပြောတယ်။ ရွာသားတွေ ပြေးထွက်တိမ်းရှောင်နေရတဲ့လို့တော့ မကြားမိဘူး။ သူတို့က ဒီနေ့ တစ်ညအိပ်မယ်လို့ သိရတယ်" ဟု နိရဉ္စရာသို့ ပြောသည်။
အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၁၉၀ စုနှင့် လူဦးရေ ၈၀၀ ကျော်ခန့် ရှိကြောင်း သိ၇သည်။
ကျောက်ဖြူမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့က ကျောက်ဖြူ နယ်မြေခံတပ်ရင်း (၃၄)က မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အားလုံးကို ခေါ်ယူပြီး ရက္ခိုင့်တပ်တော်(AA) မှ တရားရေး ဆိုင်ရာ လုပ်ဆောင်နေမှု ကိစ္စများ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော သတိပေးစာများ ကပ်သည့် ကိစ္စများနှင့် ပတ်သက်ပြီး သတိပေးမှု ပြုလုပ်ခဲ့သည်။
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.