Preview

စစ်တပ်၊ ရဲနှင့် လ၀ကပူးပေါင်းအဖွဲ့က ညအချိန် စစ်တွေမြို့ပေါ်ရပ်ကွက်များ၌ ရှောင်တခင်ဧည့်စာရင်းဝင်ရောက်စစ်ဆေးမှုများရှိဟုဆို

သြဂုတ် ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :8013
ရခိုင် သတင်း


ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂၀၂၁
စစ်တပ်၊ ရဲနှင့် လ၀ကတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စစ်တွေမြို့ပေါ် ရပ်ကွက်တချို့မှ မသင်္ကာသည့် နေအိမ်များကို ရှောင်တခင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများရှိနေကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၅ ရက်နေ့မှ ယခု သြဂုတ်လ ၂၈ ရက်နေ့အထိ စစ်တွေမြို့ပေါ် ရပ်ကွက်တချို့၌ အင်အား(၃၀)ခန့်ရှိသည့် ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးနေခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများက နိရဥ္စရာသို့ ပြောဆိုသည်။
စစ်တပ်၊ ရဲ၊ လ၀က၊ မီးသတ် အင်အား ၃၀ ခန့်သည် ယခုလ ၂၄ ရက်နေ့ ညက မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်သည့် ကျေးပင်ကြီးရပ်ကွက်မှ အိမ်ခြေ ၃၀ ခန့်ကို ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ဆေးခဲ့ကြောင်း ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
“ ကျွန်တော်တို့ ခဏတော့ စစ်လိုက်တာပါ။ အိမ်က သုံးဆယ်လောက်ဖြစ်မယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ အင်အားတော့ တပ်ဖွဲ့ဝင် သုံးဆယ်လောက်ပါတယ်” ဟုပြောသည်။
ကျေးပင်ကြီးရပ်ကွက်အပြင် မင်းဂံရပ်ကွက်၊ ပြည်တော်သာရပ်ကွက်တို့တွင်လည်း ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်ဟု ဆိုသည်။
ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က “ကျွန်တော်တို့ ပြည်တော်သာမှာတော့ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က စစ်ပြီးပြီ။ အိမ်ခြေဆိုတာက မသင်္ကာတဲ့အိမ်လောက်ပဲစစ်တာပါ။ ဧည့်သည်တွေ အရောက်များတဲ့ အိမ်မျိုးပေါ့။ အဲလိုအိမ်တွေကိုစစ်ပါတယ်။ အခုဆိုရင် ၈ လပိုင်း လဆန်း လောက်က စစ်တာပါ” ဟုပြောသည်။
ရခိုင်ပြည်နယ်အစိုး၇အဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးတို့က သြဂုတ်လ ၅ ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေးတွင် လုံခြုံရေးနှင့် ကွယ်ဗစ် ကာကွယ်ရေးအတွက် နေ့/ည လှည့်ကင်းများ ဆောင်ရွက်မည်ဖြစ်သလို ဧည့်စာရင်းတိုင်ကြားခြင်း၊ စစ်ဆေးခြင်းများလည်း ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် စစ်တွေမြို့တွင် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုများရှိလာခြင်း ဖြစ်သည်။
၎င်းနေ့ နောက်ပိုင်းမှစပြီး စစ်တွေမြို့တွင်း၌ လမ်းသွား၊ လမ်းလာများ၏ ဆိုင်ကယ် ဆီဘောက်များကို ဖွင့်၍ စစ်ဆေးမှုများရှိလာပြီး ညအချိန် မသင်္ကာသည့် နေအိမ်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့မှ လူငယ်တစ်ဦးက “ သြဂုတ်လ ၂၄ ရက်နေ့ည ၉ နာရီလောက်က ကျွန်တော်အမှတ်(၁) ရဲစခန်းလမ်းကြားထဲမှာ လက်နက်တွေနဲ့ စစ်သားတွေ အများကြီးတွေ့တော့ စိုးရိမ်ပြီး အိမ်အမြန် ပြန်ခဲ့ပါတယ်။ စစ်ဆေးမေးမြန်းမှုတွေရှိရင် မကောင်းဘူးလေ။ စစ်တပ်ကားကြီးတွေနဲ့ အင်အား နှစ်ဆယ်ထက် မနည်းပါမယ်ထင်တယ်” ဟုပြောသည်။
သြဂုတ်လ ရ ရက်နေ့တွင်လည်း မြို့နယ် ထွေအုပ်မှ ဧည့်စာရင်း တိုင်ကြားကြရန် လော်စပီကာများဖြင့် စစ်တွေမြို့အတွင်း လှည့်လည် အသိပေးကြေညာခဲ့သည်။

#လုံခြုံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.