သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဆံတော်ရှင်ဘုရားပွဲတောင်တက်လမ်းတွင် သောက်ရေလှူ၍ လူသိများသည့် အဖွားဒေါ်လာဖြူ လူကြီးရောဂါဖြင့် ကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.1k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် မြေငူကျွန်းမှ ထင်ရှားသည့် ဆံတော်ရှင်ဘုရားပွဲရှိ တောင်တက်လမ်းတွင် သောက်ရေလှူဒါန်းရင်း လူသိများထင်ရှားသည့် အဖွားဒေါ်လာဖြူသည် ယမန်နေ့က ကွယ်လွန်သွားကြောင်း သိရသည်။
ပေါက်တောမြို့ စိုးမဲကျီကျေးရွာတွင် နေထိုင်သည့် အဖွားဒေါ်လာဖြူ(၈၅ နှစ်)သည် သြဂုတ်လ ၃ဝ ရက် နံနက်ပိုင်းတွင် (၉၆)ပါးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
သားဖြစ်သူ ကိုထွန်းထွန်းက “ ကျွန်တော့်အမေဆုံးသွားတာကို ဖေ့စဘုတ်တွေမှာ အကုန်ဝမ်းနည်းကြောင်း တင်နေတာတွေ့ရတယ်။ သူ့ကိုအကုန်လုံးက ချစ်ပေးကြတယ်။ နောက်နှစ် ဘုရားပွဲရောက်ရင် အမေ့အကြောင်းမေးကြရင် ပိုဝမ်းနည်းမိမယ်။ သူ့ရေအို်းစင်လေးတွေကို ရှာကြမှာပါပဲ” ဟုပြောသည်။
အဖွားဒေါ်လာဖြူသည် ဆီးချို၊ ကျောက်ကပ်၊ သွေးတိုးနှင့် သည်းခြေတွင် ကျောက်တည်သည့် ရောဂါများကို ခံစားနေခဲ့ရသည်ဟုလည်း သိရသည်။
သူမသည် အသက်(၃၈)နှစ်အရွယ်ခန့်မှစတင်ကာ ဆံတော်ရှင်ဘုရားပွဲသို့ ဘုရားဖူးလာသူများ အခမဲ့သောက်သုံးနိုင်ရန် တောင်တက်လမ်းတစ်လျှောက်တွင် သောက်ရေအိုး အလုံး ၁ဝ ကျော်ခန့် စီရီချထားပေးတတ်ပြီး ရေကုသိုလ်ယူတတ်သူဖြစ်သည်။
တောင်တက်၍ မောပန်းလာသူများကလည်း အဖွားဒေါ်လာဖြူရေကို သောက်မှ အပန်းပြေတတ်ကြောင်း ဘုရားဖူးဧည့်သည်များက ဆိုကြသည်။
ပေါက်တောမြို့မှ ကဗျာဆရာမ ဒေါ်ခိုင်ရွှေသဇင်မြတ်က “ စိတ်မကောင်းဖြစ်တယ်။ ကိုယ်တို့မှာ ဓလေ့တစ်ခုလည်းဖြစ်နေပြီ။ အဖွားလုပ်ပေးခဲ့တဲ့ ဓလေ့ပေါ့။ ရေတွေကိုယ့်မှာပါလာရင်တောင် အဖွားအလှူမြောက်အောင် အစ်မတို့အဖွဲ့တွေ သောက်ကြတယ်။ နှစ်စဉ်၊ နှစ်တိုင်းလုပ်ပေးနေတာ။ ပြီးတော့ သောက်ရေအိုးအကုန်လုံးတိုင်းက သောက်ရင်ကျန်းမာတယ်ဆိုလို့ ဗိုက်ပြည့်အောင် အလုံးစေ့သောက်ကြတယ်။ ဒါပေမဲ့ အဖွားလည်း မှည့်လို့ကြွေတယ်လို့မှတ်တယ်။ ရေအကျိုးဆယ်ပါးကို ဘယ်လောက်ရသွားမလဲ။ ကောင်းရာမွန်ရာကိုရောက်မှာပါ” ဟုပြောသည်။
အဘွားဒေါ်လာဖြူမရှိတော့သည့်နောက်ပိုင်း ဆံတော်ရှင်ပွဲကျရောက်လာလေတိုင်း တောင်တက်လမ်းတစ်လျှောက်ရှိ သောက်ရေအိုးများကို ရေဖြည့်လှူဒါန်းမည့်အလုပ်အား အဖွား၏ သားသမီးများက ဆက်လက်လုပ်ဆောင်ရန်ဆန္ဒသာမရှိပါက လူမှုရေးလုပ်ကိုင်သူများက ဆက်လုပ်သင့်ကြောင်း သူမက ဆက်ပြောသည်။
"အဖွားရဲ့သားသမီးတွေက ဒီဟာကို ဆက်လုပ်ပေးကြမလား။ မလုပ်ရင် ပရဟိတလုပ်နေတဲ့လူငယ်တွေက ဆက်လုပ်ပေးရင်ကောင်းမယ်လို့ အစ်မအနေနဲ့မြင်တယ်" ဟု သူမက ဆက်ပြောသည်။
ဆံတော်ရှင်ဘုရားပွဲတော်မှာ ရခိုင်ပြည်နယ်၌ နှစ်စဉ်နှစ်တိုင်းကျင်းပသည့် ထင်ရှားသည့် သမိုင်းဝင်ဘုရားပွဲတစ်ခုဖြစ်ပြီး ဘုရားဖူးဧည့်သည့် ပျဉ်းမျှ ၃ သောင်းခန့်လာရောက်ကြကြောင်း သိရသည်။
Photo - Kyaw Zin



ဆက်စပ် သတင်းများ