တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြန်မာတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးတွေ့သူ ၁၅ ဦး၌ စစ်တွေမှ ၁ ဦးပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 520


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁ /၂ဝ၂၁
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲသော Delta မျိုးစိတ် ပိုးတွေ့ရှိသူ ၁၅ ဦးတွင် စစ်တွေမှ ၁ ဦးပါဝင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သည်။
သြဂုတ်လ ၂၈ ရက်တွင်စစ်ဆေးခဲ့သည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲဖြင့် ယနေ့ စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ယခုတွေ့ရှိထားသူ ၁၅ ဦးမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး ၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ ၁ ဦးစီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၅ ဦးလုံးတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ အထူးဂရုစိုက် ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variant of Concern) Delta မျိုးစိတ် ဖြစ်သည်ဟုလည်း ဆိုထားသည်။
စစ်တွေမှ ၁ ဦးပါဝင်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျနော်တို့ ရခိုင်ပြည်နယ်က ပေးပို့စစ်တာမရှိဘူး။ အဲတော့ ရန်ကုန်မှာနေတဲ့ စစ်တွေလိပ်စာနဲ့လူတွေများလားမသိဘူး။ ကျနော် လောလောဆယ်တော့ မသိသေးဘူးဗျ။”ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခု အချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။
Delta မျိုးစိတ်သည် ရောဂါပိုးကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ချေ မြင့်တက်လာနိုင်သည့်အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရသည်။
Rakhine Covid-19 Watch အဖွဲ့မှ ကိုဇော်လှိုင်ထွန်းက “အခုက ဗီဇပြောင်းပိုးတွေ့တာက တစ်ယောက်တည်းဆိုပေမဲ့ ဆက်စပ်တဲ့သူတွေလည်း ရှိအုံးမယ်လို့ ထင်ပါတယ်။ ဆိုတော့ တတိယလှိုင်းပြီးတော့ စတုတ္ထလှိုင်းစနေပြီလားလို့ သံသယဖြစ်မိပါတယ်။ အခုကတော့ တစ်ယောက်တည်းဆိုပေမဲ့ နောက်ထုတ်ပြန်ချက်တွေမှာ စစ်တွေက ပါလာမှာလား။ ဒါမှာမဟုတ် ရခိုင်ပြည်နယ်ထဲက လူတွေ ပါလာနိုင်မှာလားဆိုတာကို စောင့်ကြည့်ရမှာပါ။ အရင်ထက် ပိုပြီး ဂရုစိုက်နေထိုင်ဖို့၊ Mask တွေ ပုံမှန်တပ်ဖို့ လိုအပ်ပါတယ်။”ဟု နိရဥ္စရာကိုပြောသည်။
ယခုကဲ့သို့ Delta မျိုးစိတ် ပိုးတွေ့သူများရှိလာနေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိမိသားစုနှင့် ပတ်ဝန်းကျင်အား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်း လမ်းညွှန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးသည်ဟုလည်း ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။
ရခိုင်တွင် သြဂုတ်လ ၃၁ ရက်အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၄,၁၈၉ ဦးနှင့် သေဆုံးသူ ၃၉၇ ဦးရှိသွားပြီဟု ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ