Preview

စစ်တွေ-ရန်ကုန် လေကြောင်းခရီးသည်များအား မနက်ဖြန်မှစ၍ ကိုဗစ်ပိုးစစစ်တော့မည်

စက်တင်ဘာ ၀၄/ ၂၀၂၁ | ကြည့်ရှုသူ :2535
ရခိုင် သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ စက်တင်ဘာ ၄ / ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များအား မနက်ဖြန်မှစ၍ ကိုဗစ်ပိုးစတင်စစ်ဆေးတော့မည်ဟု သိ၇သည်။
အဆိုပါခရီးသည်များကို မနက်ဖြန် စက်တင်ဘာ ၅ ရက်မှစတင်ကာ စစ်တွေလေဆိပ်ဝင်းအတွင်း စစ်ဆေးတော့မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က နိရဥ္စရာကို အတည်ပြုသည်။
“သွားမဲ့နေ့မှာပဲစစ်မှာ။ ကျနော်တို့က စီမံချက်လိုပုံစံမျိုးစစ်တာဖြစ်တဲ့အတွက် ကျနော်တို့ SWAP စစ်တဲ့ကုန်ကျစရိတ်တွေဘာတွေ ပေးစရာမလိုပါဘူး။ ကောက်တာလည်း မရှိဘူး။”ဟု ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေတွင် ကိုဗစ်-19 မျိုးရိုးဗီဇပြောင်းလဲလာသည့် Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ပြီးနောက် လေကြောင်းခရီးသည်များကို ကိုဗစ်ပိုး စတင်စစ်ဆေးလာခြင်းဖြစ်သည်။
ဒေသအာဏာပိုင်များအနေဖြင့် ယခုကဲ့သို့ ခရီးသည်များအား ကိုဗစ်ပိုးစစ်ဆေးခြင်းမှာ နောက်တောင်ကျနေပြီဟုလည်း မြို့ခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းအောင်က ပြောသည်။
“ဘာကြောင့်ဆိုရင် ဒီပိုးက နေရာတစ်ခုမှာ ပိတ်ပစ်လိုက်တယ်ဆိုရင် မပြန့်တော့ဘူးလေ။ အဲလိုလူတွေသွားနေကြတယ်ဆိုရင် ဒီပိုးက ပြန့်သွားတာလေ။ ဒီဟာ အခုမှ လုပ်ရမှာမဟုတ်ဘူး။ ပိုးစလို့ တွေ့တဲ့နေ့ကတည်းနေ လုပ်၇မှာပါ။ အာဏာပိုင်တွေလုပ်တာ နောက်တောင်ကျနေပြီ။”ဟု ပြောသည်။
လေကြောင်းခရီးဖြင့် ခရီးသွားမည့်နေ့တွင် ပိုးစစ်ဆေးသည့်အတွက် အကယ်၍ ပိုးတွေ့သွားပါက ဝယ်ထားသည့်လေယာဉ်လက်မှတ်များ ဆုံးရှုံးနစ်နာမည်ကိုလည်း ခရီးသည်များက စိုးရိမ်နေကြသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေရှိ May Yu လေယာဉ်လက်မှတ်အရောင်းဌာနမှ မငြိမ်းအေးက “တကယ်လို့ ပိုးတွေ့တယ်ဆိုရင် ဝယ်ထားတဲ့ လက်မှတ်က ဆုံးမသွားပါဘူး။ ပိုးတွေ့ပြီးကောင်းသွားလို့ရှိရင် အဲဒီလက်မှတ်ကို date ပြောင်းပြီးစီးလို့ရသလို ပိုက်ဆံပဲပြန်လိုချင်တယ်ဆိုရင်လည်း ပြန်ပေးမှာပါ။”ဟု ပြောသည်။
စစ်တွေတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ကိုဗစ်တတိယလှိုင်းအတွင်းကလည်း စစ်တွေမှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များအား ကိုဗစ်စစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ပြီး ပိုးတွေ့သူများကို ဆေးရုံသို့ပို့ဆောင်ကာ ဆေးရုံတွင် (၂၁)ရက်ကြာ ဆေးကုသမှုခံယူစေခဲ့သည်။
နောက်ပိုင်းတွင် ကိုဗစ်ကူးစက်မှုလျော့နည်းလာခဲ့သည့်အတွက် လေကြောင်းခရီးသည်များအား ယင်းသို့စစ်ဆေးခြင်းကို အစိုးရက ရပ်ဆိုင်းခဲ့သည်။


#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.