တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေတွင် စားသောက်ဆိုင်တစ်ဆိုင်ကို ညအချိန် ဝင်စစ်ဆေးရာမှ ကိုဗစ်စည်းကမ်းမလိုက်နာသူ အမျိုးသား၊အမျိုးသမီး ၃၂ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၅/ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညအချိန် စားသောက်ဆိုင်တစ်ဆိုင်ကို ဝင်ရောက် စစ်ဆေးရာမှ ကိုဗစ်စည်းကမ်းကိုမလိုက်နာသူ အမျိုးသား အမျိုးသမီး ၃၂ ဦးကို ဖမ်းဆီးပြီး အရေးယူထားသည်ဟု ရခိုင်ပြည်နယ်အစိုးရက ယနေ့ ထုတ်ပြန်ထားသည်။
၎င်းတို့ကို စစ်တွေမြို့၊ မင်းဂံရပ်ကွက် ကန်တော်ကြီးအကွက်(၄)ရှိ Royal စားသောက်ဆိုင်တွင် စက်တင်ဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်သည်။
ဖမ်းဆီးခံရသောသူမှာ စစ်တွေမြို့မှ အမျိုးသား ၁၃ ဦး၊ မြောက်ဦးမြို့မှ အမျိုးသား ၁ ဦး၊ တောင်ကုတ်မြို့မှ အမျိုးသား ၁ ဦး၊ ပလက်ဝမြို့မှ အမျိုးသား ၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီး ၄ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး ၃ ဦး၊ မွန်ပြည်နယ်မှ အမျိုးသမီး ၂ ဦး၊ တွံတေးမြို့မှ အမျိုးသမီး ၁ ဦး၊ ကျိုက်လတ်မြို့မှ အမျိုးသမီး ၁ ဦး၊ ညောင်တုန်းမြို့မှ အမျိုးသမီး ၂ ဦး၊ ကွမ်ဟိန်းမြို့မှ အမျိုးသား ၁ ဦးနှင့် ပျဉ်းမနားမြို့မှ အမျိုးသမီး ၁ ဦးတို့ဖြစ်သည်ဟု သိရသည်။
၎င်းတို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ပုဒ်မ ၂၅/၂၉ ဖြင့် အမှုဖွင့်အရေးယူသည်ဟုလည်း သိရသည်။
စစ်တွေတွင် ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ်-19 မျိုးရိုးဗီဇပြောင်းလဲလာသည့် Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှု တင်းကျပ်လာနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ