တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမနေ့တွင်ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.3k

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၇/၂၀၂၁
လာမည့်စက်တင်ဘာလ ၉ ရက်တွင်ကျရောက်မည့် ဆရာတော်ဦးဥတ္တမနေ့တွင် ပြည်သူများအနေဖြင့် ဆရာတော့်ရုပ်တုကို ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချမည်ဆိုပါက ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြောသည်။
"ကိုဗစ်စည်းကမ်းနဲ့အညီ ပန်းခွေချခွင့်ရှိပါတယ်။ ဆရာတော်ဦးဥတ္တမနေ့က အသိမှတ်ပြုရမဲ့နေ့တစ်နေ့ဆိုပေမဲ့လည်းလေ။ ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့လည်း ဆရာတော်ဦးဥတ္တမကိုရိုသေသောအားဖြင့် ကိုဗစ်စည်းကမ်းနဲ့အညီပဲ ပန်းခွေချကြဖို့ကိုပြောချင်ပါတယ်။"ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ကိုဗစ်ကြောင့် ယခင်နှစ်များကကဲ့သို့ ကျင်းပရန်မရှိသလို ဆရာတော်အားရည်မှန်းပြီး ဆွမ်းကျွေးခြင်းများကိုလည်း ပြုလုပ်ရန် မရှိဟု ဆိုသည်။ သို့သော် ကိုဗစ်စည်းကမ်းနှင့်အညီ ပန်းခွေချခြင်းကိုသာ ပြုလုပ်သွားမည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြို့များတွင်လည်း ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်သော်လည်း မြို့အသီးသီးရှိ ဆရာတော်ရုပ်တုကို ဂါရဝပြုခြင်း၊ ဆီမီးထွန်းခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းများကို ကိုဗစ်စည်းကမ်းနှင့်အညီ လုပ်ဆောင်သွားရန်ရှိကြောင်း သိရသည်။
မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်က "ပွဲစီစဉ်ထားတာတော့မရှိဘူး။ ကျွန်တော်တို့အဖွဲ့ကတော့ သွားရောက် ဂါရဝပြုဖို့တော့ရှိတယ်" ဟု ပြောသည်။
လက်ရှိတွင် ဆရာတော်ဦးဥတ္တမနေ့အကြို မြို့နယ်အများအပြားတွင် ဆရာတော့်ရုပ်တုအား သန့်ရှင်းရေးများ ပြုလုပ်မှုများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်လူမျိုးဖြစ်သည့် ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးမျက်စိကို ဖွင့်ပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဆရာတော်တစ်ပါးဖြစ်သည်။
ဆရာတော်ပျံလွန်တော်မူသွားခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ ကျရောက်လာလျှင်လည်း ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နှင့် ရန်ကုန်အပါအဝင် ပြည်ပနိုင်ငံများတွင်ပါ ကျင်းပတတ်ကြသည်။

ဆက်စပ် သတင်းများ