တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ဆရာတော်ဦးဥတ္တမပြတိုက်တည်ဆောက်နေသည့် စစ်တွေရွှေစေတီကျောင်းတွင်ထားမည့် ဆရာတော့်ကြေးသွန်းရုပ်တုအတွက် ကျပ်သိန်း ၁၀၀ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

ဇော်ဝင်းအောင်၊ သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၈/၂၀၂၁
ဆရာတော်ဦးဥတ္တမပြတိုက်တည်ဆောက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်းတွင် ဆရာတော့်ကြေးသွန်းရုပ်တုထားရှိနိုင်ရန် ကုမ္ပဏီတစ်ခုက ငွေကျပ်သိန်း ၁၀၀ လှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါလှူဒါန်းငွေကို ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်တွင် မြန်မာ့အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်က ရွှေစေတီကျောင်းတိုက်သို့သွားရောက်ကာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
မြန်မာ့အိမ်ရာဖွံ့ဖြိုးရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးဧရာကျော်က “ဒီမှာ အသျှင်ဥတ္တမပြတိုက်အတွက် ကျနော်တို့ကုမ္ပဏီက ကြီးကြပ်ပေးနေရင်း ဒီလိုမျိုးပြတိုက်တစ်ခုမှာ ရုပ်တုတခုလည်း ရှိသင့်တယ်ပေါ့နော်။ အခြားနိုင်ငံတွေမှာဆိုရင်လည်း ဒီလိုမျိုးထားပေးကြတယ်။ ဒီလိုနဲ့ ဆရာတော်ရဲ့သြဝါဒကို ခံယူပြီးတော့ လှူဖို့သဒ္ဓါပေါက်လို့ လှူဒါန်းဖြစ်တာပါ။” ဟု ပြောသည်။
အမြင့် ၇ ပေရှိသည့် အဆိုပါကြေးသွန်းရုပ်တုကိုသွန်းလုပ်ရန် မြောက်ဦးမြို့ရှိ ရှေးဟောင်းရခိုင့်ကြေးသွန်းပညာရှင် ဦးကျော်သာညွန့်ထံတွင် အပ်နှံထားပြီဖြစ်ပြီး ယခုအချိန်တွင် ဖယောင်းထုသည့်အဆင့် ပြီးနေပြီဖြစ်ကာ ကြေးသွန်းရန်သာကျန်တော့ကြောင်း သိရသည်။
ရွှေစေတီကျောင်းထိုင်ဆရာတော် အရှင်အရိယဝံသက “ဆရာတော်အသျှင်ဥတ္တမဟာဆိုရင် ဘုန်းဘုန်းတို့မြန််မာနိုင်ငံအပြင် အာရှရဲ့ လွတ်လပ်ရေးမီးရှူးတန်ဆောင်လည်းဖြစ်တယ်။ ပျံလွန်တော်မူသွားတာ ၈၂ နှစ်မြောက်ရှိခဲ့ပေမဲ့လည်း မှတ်တမ်းမှတ်ရာဆိုတာ တစ်ခုမှမရှိဘူး၊ နှုတ်မှာပဲရှိတယ်။ ဘယ်နိုင်ငံမှာမဆို ပြတိုက်ထဲမှာ ကြေးရုပ်ဆိုတာ ရှိသင့်တယ်ပေါ့နော်။”ဟု မိန့်ကြားခဲ့သည်။
ရွှေစေတီကျောင်းတိုက်တွင် တည်ဆောက်နေသည့်ဆရာတော့်ပြတိုက်မှာ လက်ရှိတွင် ၆၅ ရာနှုန်း ပြီးစီးနေပြီဖြစ်ပြီး ဆက်လက်တည်ဆောက်ရန် အလှူငွေများလည်း လိုအပ်နေသေးသည်ဟု ဆရာတော်က မိန့်သည်။
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မမူခင်သုံးစွဲခဲ့သည့်အသုံးအဆောင်ပစ္စည်းများ၊ မှတ်တမ်းမှတ်ရာများ၊ ဓာတ်ပုံများ၊ ဆရာတော်ရေးသားခဲ့သော စာအုပ်စာပေများကို ထိန်းသိမ်းပြထားနိုင်ရန် အဆိုပါပြတိုက်ကိုတည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အမျိုးသားစိတ်ဓာတ်ရင့်သန်စေရန် နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သည့် လွတ်လပ်ရေးမီးရှူးတန်ဆောင် ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး နိုင်ငံရေးတရားဟောပြောမှုကြောင့် မြန်မာနိုင်ငံတွင် ပထမဆုံးအကျဉ်းချခံခဲ့ရသည့် ပုဂ္ဂိုလ်လည်းဖြစ်သည်။

ဆက်စပ် သတင်းများ