သဥ္ဇာနွယ်
နိရဥ္စရာ၊စက်တင်ဘာ ၉/ ၂၀၂၁
ရခိုင်တို့၏ရှေးဟောင်းသမိုင်းဝင် မြောက်ဦးရှိ ဘုရား၊ ပုထိုး၊ စေတီပရိဝုဏ်များအတွင်းမူးယစ်ဆေးဝါးသုံးစွဲခြင်းများနှင့် စုံတွဲများချိန်းတွေ့ခြင်းတို့ကိုကြပ်မတ်တားဆီးပေးရန် အရေးတကြီးလိုအပ်နေသည်ဟု မြို့ခံများနှင့် ဘုရားဖူးပရိသတ်များကပြောသည်။
မြောက်ဦးရှိဘုရား၊ ပုထိုး၊ စေတီများအတွင်း ချောင်ကျသည့်နေရာများတွင် လူငယ်များမူးယစ်ဆေးဝါးများသုံးစွဲနေကြခြင်း၊ လူငယ်စုံတွဲများ ချိန်းတွေ့ပြီးမဖွယ်မရာပြုမူမှုများနှင့် ဘုရား၊ ပုထိုး၊ စေတီများပေါ်တက်၍သော်လည်းကောင်း၊နောက်ခံထား၍သော်လည်းကောင်း မသင့်လျော်သည့်အနေအထားများဖြင့် ဓာတ်ပုံများရိုက်နေကြမှုမှာဘုရားဖူးပရိသတ်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကနိရဥ္စရာသတင်းဌာနကို ပြောသည်။
ယင်းအပြင်ယခုလုပ်ရပ်များမှာ ဗုဒ္ဓဘာသာဝင်ဖြစ်သော ရခိုင်လူမျိုးများအတွက် သိက္ခာကျ၊အရှက်ရစရာကောင်းသည့်အတွက် သာသနာကို ညှိုးနွမ်းစေသော အပြုအမှုများကို မလုပ်ကြရန်မိဘများအနေဖြင့် မိမိသားသမီးများအပေါ် ဆိုဆုံးမထားသင့်သည်ဟုလည်း ပြောသည်။
“ဘုရားပေါ်မှာချိန်းတွေ့တာမကောင်းဘူးပေါ့။ ဘုရားဖူးတွေသူတွေအနှောင့်အယှက်ဖြစ်တယ်။ဒီလိုမျိုးလွတ်လွတ်လပ်လပ်နေရာမှာ မချိနိးတွေ့ဘဲ သာသနိကအဆောက်အဦမှာ ချိန်းတွေ့တာကဗုဒ္ဓဘာသာအနေနဲ့မကောင်းဘူး။ ထိန်းချုပ်ဖို့တော့ခက်ပေမဲ့ ကျမတို့ရှေးဟောင်းသုတေသနအနေနဲ့ အသိပေးဟောပြောပွဲတွေလုပ်ပေမဲ့ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ရော၊ မိဘတွေအနေနဲ့လည်း ထိန်းချုပ်ဖို့လိုပါတယ်”ဟု ပြောသည်။
ယခုနောက်ပိုင်းတွင်မြောက်ဦး၌ စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ကမ႓ာလှည့်ခရီးသည်များနှင့်ပြည်တွင်းဘုရားဖူးပရိသတ်များအလာနည်းနေသည်ကိုအခွင့်ကောင်းယူကာ မြို့ခံလူငယ်များသည်ဘာကိုမျှ ဂရုမစိုက်ဘဲ ယခင်ကထက် ပိုမိုလုပ်ဆောင်လာနေကြသည်ဟု ဘုရားဖူးပရိသတ်များကပြောသည်။
ဘုရားဖူးပရိသတ်တစ်ဦးဖြစ်သူသံတွဲမြို့ စာရေးဆရာ ကိုဇော်မင်းထွန်းကလည်း “ကောင်းကောင်းမွန်မွန် ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့နဲ့ဆို အဆင်ပြေပါတယ်။ မဖွယ်မရာကြီးကျတော့ ဗုဒ္ဓဘာသာဝင်အနေနဲ့ရော၊ဘာသာရေးအယူအဆနေနဲ့ရောမကောင်းပါဘူး။ လူငယ်တွေအနေနဲ့ထိန်းထိန်းသိမ်းသိမ်းနေစေချင်ပါတယ်။”ဟု ပြောသည်။
ယခုကာလသည်ကိုဗစ်ကြောင့် ကျောင်းပိတ်ထားချိန်ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များစိတ်လေလွင့်ကာ မူးယစ်ဆေးသုံးစွဲခြင်းနှင့် မလိုလားအပ်သောမှုခင်းပြဿနာများဖြစ်ပွားမှုမရှိစေရေး ဒေသအာဏာပိုင်များအနေဖြင့် အရေးတကြီးတားမြစ်ပေးရန်လိုနေသည်ဟုလည်း ဘုရားဖူးပရိသတ်များက ပြောသည်။
လူသူအရောက်အပေါက်နည်းပါးသည့်ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီများတွင်ဆိုလျှင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲထားသည့် ပစ္စည်းကိရိယာများကိုစည်းမဲ့ကမ်းမဲ့စွန့်ပစ်ထားကြသည်မှာလည်း အမြင်မသင့်တော်ဟုလည်း ဆိုကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးမြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့၏သဘောထားအား ရယူနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မ၇ခဲ့ပါ။
မြောက်ဦးမြို့ရှေးဟောင်းသုတေသနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ဘုရားများပေါ်တွင်လူငယ်များ ယခုကဲ့သို့ပြုမူနေကြခြင်းမှာ ဘုရားများတွင် ဂေါပကများနည်းပါးမှုကြောင့်ဖြစ်သည်ဟု ပြောသည်။
“ယဉ်ကျေးမှုဇုန်အတွင်းမှာရှိတဲ့နယ်မြေတွေထဲမှာ ဂေါပကများ လိုက်နာရမဲ့စည်းကမ်းများဆိုပြီး သတ်မှတ်ထားတာရှိတယ်။အဲဒီစည်းကမ်းချက်တွေမှာ ဘာတွေလဲဆိုရင် စကပ်တို၊ ဘောင်းဘီတို ဝတ်ပြီးဘုရားပေါ်မတက်ရဆိုပြီးတော့။ ချိန်းတွေ့တာတို့ မူးယစ်ဆေးသုံးစွဲတာတို့ဆိုရင်ဆူဆူညံညံမလုပ်ရ အားလုံးပါတာပေါ့။ မြောက်ဦးမှာဘုရားတွေများတော့ တချို့နေရာတွေမှာဂေါပကမရှိဘူး။ အဲဒီနေရာတွေမှာသွားကြတဲ့ဟာရှိတယ်။ ပညာပေးအနေနဲ့ ဟောပြောပွဲတွေမှာအသိပေးဟောပြောတာမျိုးလည်းရှိတယ်။ ကျနော်တို့ ရှေးသုတေသနအနေနဲ့ကတော့တတ်နိုင်သလောက်တားတယ်။”ဟုပြောသည်။
မြောက်ဦးရှိဘုရား၊ ပုထိုး၊ စေတီများအနက် မာန် ၅ ပါး၊ ကိုးသောင်း၊ သျှစ်သောင်း၊ထုက္ကန်သိမ်နှင့် အံတော်သိမ်စသည့် ဘုရား ၁၀ ဆူတွင်သာ ဂေါပကအဖွဲ့ရှိသည်ဟု သိ၇သည်။
ဂေါပကအဖွဲ့ရှိသော်လည်းထုတ်ပြန်ထားသည့်စည်းကမ်းချက်များမှာ တင်းကြပ်မှုမရှိဟုမြောက်ဦးရှစ်သောင်းဘုရားမှဂေါပက အတွင်းရေးမှူးဦးခင်မောင်စိုးက နိရဥ္စရာကိုပြောသည်။
“စည်းကမ်းထုတ်ထားတာရှိပါတယ်။တင်းတင်းကြပ်ကြပ်တော့ မဟုတ်ဘူး။ ဘုရားပေါ်မှာ ဒီလိုချိန်းတွေ့တာမျိုးတော့မသင့်တော်ဘူးပေါ့။ ဘုရားဖူးတဲ့သူတွေအတွက် အဆင်မပြေတာမျိူးရှိတယ်။ စည်းကမ်းတွေထပ်ထုတ်ဖို့ အစီအစဉ်လည်းရှိတယ်။ ဒီနေရာမှာမလုပ်ကြနဲ့။ မူးယစ်ဆေးတွေ မသုံးကြနဲ့။အများကြီးပါပါတယ်။”ဟုပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်းမြောက်ဦးရှိ ရှေးဟောင်းဘုရားဆင်းတုတော်တစ်ခုအနီးမသင့်လျော်သည့်အနေအထားဖြင့်ရိုက်ကူးထားသည့် အမျိုးသမီးတစ်ဦး၏ဓာတ်ပုံလူမှုကွန်ရက်ပေါ်တက်လာခဲ့သည့်အတွက် လူမှုကွန်ရက်သုံးစွဲသူတို့အကြားဝေဖန်မှုများနှင့်အတူ အမြင်ကွဲလွဲမှုများလည်း မြင့်တက်ခဲ့သေးသည်။
လက်ရှိတွင်မြောက်ဦးကို ကမ႓ာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် စာရင်းဝင်ရန်ကြိုးပမ်းနေကြပြီဖြစ်ရာ ယင်းသို့စာရင်းဝင်လာပါက မြောက်ဦးသို့ကမ႓ာ့လှည့်ခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ ယခုထက်ပိုမိုဝင်ရောက်လာမည်ဖြစ်၍လူငယ်များ၏ယခုလုပ်ရပ်များသည် ကမ႓ာ့မျက်နှာစာတွင် အရှက်ရဖွယ်ရာဖြစ်နေသည်ဟုလည်းပြောကြသည်။
မြောက်ဦးသည်ရခိုင်တစ်မျိုးသားလုံးအတွက် အသည်းနှလုံးဖြစ်သည့် ရှေးဟောင်းသမိုင်းဝင်မင်းနေပြည်တော်တစ်ခုဖြစ်ပြီး လာမည့် (၉)နှစ်ဆိုလျှင် မြောက်ဦးမြို့ကိုတည်သည့်နှစ်ပေါင်း (၆၀၀)တင်းတင်းပြည့်မြောက်တော့မည်ဟု သိ၇သည်။