တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမျိုးသမီးလူနာများအတွက်ရည်ရွယ်၍ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် အမျိုးသမီးလူမှုကူညီရေးအဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.5k

သန္တာကျော်ဇော၊ ဇော်ဝင်းအောင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော ရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် အမျိုးသမီးလူနာများအတွက်ရည်ရွယ်၍ အမျိုးသမီးလူမှုကူညီရေးအဖွဲ့တစ်ခုကို သီးသန့်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့ကို ယနေ့ စက်တင်ဘာလ ၁ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ၂ နှစ်ပြည့်မွေးနေ့အခမ်းအနားတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက "ကျနော်တို့က အခုဆိုရင် စုပေါင်းပြီးလုပ်လာကြတာ နှစ်နှစ်ရှိပြီပေါ့နော်။ အဲ့ကြောင့် ကျနော်တို့ကလည်း အမျိုးသမီးတွေကို လမ်းကြောင်းတစ်ခုချပေးတဲ့သဘောပေါ့နော်။ လူနာသယ်ပို့ကိစ္စတွေမှာ သူတို့လည်း သူတို့အစွမ်းအစနဲ့ လုပ်ကိုင်ချင်စိတ်တွေ ရှိတယ်။ အခုဆိုရင် သူတို့က ကားလည်းကျွမ်းကျွမ်းကျင်ကျင်မောင်းနိုင်တော့ အမျိုးသမီးလူနာတွေကို သူတို့ကပိုပြီးတော့ ထိထိရောက်ရောက်ကိုင်တွယ်နိုင်မယ်လို့ ထင်မိလို့ပေါ့နော်။"ဟုပြောသည်။
ထိုအမျိုးသမီးအဖွဲ့တွင် ကယ်ဆယ်ရေးယာဉ်များ၊ နာရေးယာဉ်များကိုလည်း အမျိုးသမီးများကပင် ယာဉ်မောင်းအဖြစ်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းနှင့် ကျောက်တော်အထိ အမျိုးသမီးများကိုယ်တိုင်ယာဉ်မောင်း၍ လူနာများနှင့် အလောင်းများကို ကြိုပို့၊ သယ်ဆောင်နေပြီဟုလည်း သိရသည်။
အဖွဲ့ခေါင်းဆောင် မပုရစ်(ခ)နီလာစိုးက "ကျမတို့ ဒီအလုပ်ကိုစလုပ်တုန်းကဆိုရင်ပေါ့နော်။ အထင်သေးတဲ့မျက်လုံးတွေနဲ့ အကြည့်ခံခဲ့ရတယ်ပေါ့။ မိန်းကလေးတွေကလုပ်နိုင် ကိုင်နိုင်ပါ့မလား။ အဲလိုမျိုးတွေ ကြုံခဲ့ရတယ်။ ကျမကတော့ ဒီလိုမျိုးကူညီခွင့်ရတာတွေကို အရမ်းပဲဝမ်းသာပါတယ်။ လူတွေကိုလည်း အမြင်မကျဉ်းစေချင်ဘူးပေါ့နော်။ မိန်းကလေးတွေဆိုပြီးလည်း အထင်သေးပြီး မပြောစေချင်ဘူး"ဟု နိရဥ္စရာသို့ ပြောသည်။
ထိုအဖွဲ့တွင် အမျိုးသမီး ၂၀ ကျော်ပါဝင်ပြီး အသက်အငယ်ဆုံးအဖြစ် ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် ရခိုင်ပြည်သူလူထုအကျိူးအတွက် ရှေ့တန်းမှကူညီလုပ်ဆောင်နေသည့်အသင်းတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင်ပေါင်း ၆၀ ကျော်ဖြင့် လူမှုကယ်ဆယ်ရေးများကို ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!