ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံမှုပျက်ကွက်သူ ၃ ထောင်ခန့်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4k

မင်းအဂ္ဂ၊ သ ဉ္ဇာနွယ်
နိရ ဉ္စရာ၊ စက်တင်ဘာ ၁၃ / ၂ဝ၂၁
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုပျက်ကွက်သူ ၃ ထောင်ခန့်ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။
ရခိုင်တွင် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို ပြီးခဲ့သည့် သြဂုတ်လပထမပတ်မှစတင်ကာ ပထမအကြိမ်ထိုးပေးခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံခြင်းကို သြဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလ ပထမပတ်အထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပထမအကြိမ်က လူပေါင်း ၉ သောင်းကျော်ကိုထိုးနှံပေးခဲ့သော်လည်း ဒုတိယအကြိမ်ထိုးနှံရာတွင် ၃ ထောင်ခန့် ထိုးနှံမှုပျက်ကွက်ခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကို ပြောသည်။
“ရခိုင်ပြည် တစ်ပြည်လုံးအတိုင်းအတာနဲ့ ဒုတိယအကြိမ် ကိုဗစ်ဆေးမထိုးသူ ၃၀၀၀ လောက်ရှိတယ်။ မြို့နယ်တိုင်းမှာတော့ မထိုးရတဲ့သူ နည်းနည်းစီရှိကြတယ်။ မထိုးရတဲ့သူတွေကိုလည်း အတတ်နိုင်ဆုံး ထိုးပေးဖို့ စီစဉ်နေကြပါတယ်။”ဟု ပြောသည်။
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေတွင်လည်း ပထမအကြိမ်က ၁ သောင်း ၁ ထောင်ကျော်ကို ထိုးနှံပေးခဲ့သော်လည်း ဒုတိယအကြိမ်တွင် ၄၉၅ ဦး ထိုးနှံရန်ပျက်ကွက်ခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က နိရဥ္စရာကို ပြောသည်။
ဦးကျော်လွင်က “စစ်တွေမှာ ဒုတိယကိုဗစ်ဆေးမထိုးရတဲ့သူတွေကို လာထိုးစေချင်ပါတယ်။ မေ့နေလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျို်းမျိုးကြောင့်မလာနိုင်လို့ပဲဖြစ်ဖြစ် စက်တင်ဘာလ ၁၄ ရက်ကနေ့စပြီး စုပေါင်းရုံးမှာ ထပ်ပြီးတော့ လာထိုးကြဖို့ အသိပေးချင်ပါတယ်။”ဟု ပြောသည်။
အလားတူ မြောက်ဦးမြို့နယ်တွင်လည်း ပထမအကြိမ်က လူပေါင်း ၈ ထောင်ကျော်ကို ထိုးနှံပေးခဲ့သော်လည်း ဒုတိယအကြိမ်တွင် ၇၅၁ ဦး ထိုးနှံရန် ပျက်ကွက်ခဲ့သည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးမိုးကျော်သူက နိရဥ္စရာကိုပြောသည်။
ဦးမိုးကျော်သူက “အကြောင်းအမျိုးမျိုးကြောင့် ထိုးဖို့ မလာနိုင်တဲ့သူတွေ၊ ဝန်ထမ်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးထွက်တဲ့သူတွေ၊ နယ်က သူတွေကို စက်တင်ဘာ ၁၆ ရက်နေ ၁၈ ရက်အထိ သတ်မှတ်ထားတဲ့နေရာတွေမှာ လာထိုးစေချင်ပါတယ်။”ဟု ပြောသည်။
မြောက်ဦးမြို့နယ်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ပျက်ကွက်ခဲ့သူများအနေဖြင့် မြောင်းဘွေတိုက်နယ်ဆေးရုံနှင့် တိမ်ညိုတိုက်နယ်ဆေးရုံတို့တွင် သတ်မှတ်ရက်များအတိုင်း လာရောက်ထိုးနိုင်ပြီး မြို့ပေါ်မှ ပျက်ကွက်ခဲ့သူများအနေဖြင့် မြို့နယ်ထွေ/အုပ်ရုံးဟောင်းတွင် ထိုးနှံရမည်ဟု သိရသည်။
ရခိုင်ရှိ အခြားမြို့များတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်မထိုးခဲ့ရသူများလည်း ရှိနေသေးသည်ဟု သိရသည်။ ၎င်းတို့အနေဖြင့် ထပ်မံထိုးနှံရန်ဆန္ဒရှိပါက မြို့နယ်ကျန်းမာရေးဌာနနှင့် မြို့နယ်ထွေ/အုပ်ရုံးတို့ထံဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်း သိရသည်။
ရခိုင်တွင် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို သြဂုတ်လအစောပိုင်းက စတင်ထိုးနှံပေးထားပြီဖြစ်ပြီး အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ယခုနှစ် ဇန်နဝါရီလမှစတင်ထိုးနှံပေးခဲ့ပြီဟု သိရသည်။
တရုတ်နိုင်ငံထုတ် Sinovic အမျိုးအစား ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃ သောင်းကိုမူ ရခိုင်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် အသက် ၆၅ နှစ်အထက်ရှိသူများအား သြဂုတ်လ ၃ဝ ရက်မှစတင်ထိုးနှံပေးခဲ့ပြီဖြစ်သည်။
အလားတူ Sinovic အလုံးရေ ၂ သောင်းကိုလည်း စစ်တွေမြို့နယ်အပါအဝင် အခြားမြို့နယ်များရှိ IDP စခန်းများမှ မူဆလင် ၂ သောင်းကို သြဂုတ်လ ၂၈ ရက်မှစတင်ကာ ထိုးပေးခဲ့ပြီဟု သိရသည်။

ဆက်စပ် သတင်းများ