ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦးအမှုကို စက်တင်ဘာလ ၁၆ ရက်တွင် စွဲချက်အမိန့်ချမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.8k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၁၄/ ၂၀၂၁
အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ တစ်နှစ်ကျော်ကြာ ဖမ်းဆီးခံထားရသည့် ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး၏အမှုကို လာမည့်စက်တင်ဘာလ ၁၆ ရက်တွင် စွဲချက်တင်အမိန့်ချတော့မည်ဟု ယင်းအမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေဦးကျော်ညွန့်မောင်က ပြောသည်။
“လာမဲ့ ၁၆ ရက်နေ့မှာ စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချမှတ်မယ်။ စွဲချက်တင်ပြီး သူတို့က ဝန်ခံရင် ချက်ချင်းအမိန့််ချမှတ်မယ်။ ငြင်းရင်တော့ ဆက်လက်စစ်ဆေးသွားမယ်ပေါ့။ အမှုကတော့ မြန်မြန်ဆန်ဆန်ပြီးသွားရင်ကောင်းမယ်။ ကြန့်ကြာနေရင် ကျောင်းသားလေးတွေအတွက် နစ်နာမှုရှိတယ်။”ဟုပြောသည်။
စစ်တွေထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။
၎င်းတို့သည် စစ်တွေမြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့ကို ယခုကဲ့သို့ အချိန်ကြာ ဖမ်းဆီးချုပ်နှောင်ထားသည်မှာ ဖမ်းဆီးခံကျောင်းသားများအတွက် နစ်နာမှုရှိသည်ဟုလည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က နိရဥ္စရာသို့ပြောသည်။
“ဒီလိုမျိုးအချိန်အကြာကြီးချုပ်နှောင်ထားတာကတော့ နစ်နာမှုတွေအများကြီးရှိတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ပညာရေးပိုင်းဆိုင်ရာ နစ်နာမှုအရရော အများကြီးရှိပါတယ်။ အခုချိန်ကျောင်းတွေ ပိတ်ထားပေမဲ့ ပြင်ပကလေ့လာလို့ရတာတွေ အများကြီးရှိတယ်။”ဟု ပြောသည်။
စွဲချက်တင်အမိန့်ချမည့်နေ့တွင် တစ်စုံတစ်ရာထူးခြားမှုမရှိပါက ရခိုင်ပြည်ကျောင်းသားသမဂ္ဂက လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ရုံးချိန်းတွင်လည်း ဖမ်းဆီးခံ ကျောင်းသား ၄ ဦးကို ရုံးထုတ်လာစဉ် ကျောင်းသားများက အမိန့်ချမှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့အကြားတွင် ရုုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သေးသည်။


ဆက်စပ် သတင်းများ