ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တက္ကသိုလ်ကျောင်းသား ၄ ဦး ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.4k

သျှင်မင်းဇံ၊ သန္တာကျော်ဇော

နိရဥ္စရာ၊ စက်တင်ဘာ ၁၆ /၂၀၂၁

အစိုးရကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့်တစ်နှစ်ခန့်နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်တက္ကသိုလ် ကျောင်းသား ၄ ဦးသည် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လချမှတ်ခံလိုက်ကြောင်း သိရသည်။

၎င်းတို့ကို ယနေ့စက်တင်ဘာလ ၁၆ ရက် နံနက် ၁ဝ နာရီခွဲတွင် စစ်တွေမြို့နယ်တရားရုံး၌ Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေးရာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဘေးစီမံပုဒ်မဖြင့် ၆ လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က နိရဥ္စရာကို အတည်ပြုသည်။

"ဘေး/စီ/မံ ၂၅ နဲ့ ၆ လ။ နောက်ပြီးတော့ ၅ဝ၅(ခ)နဲ့က ၂ နှစ်ပါ။ ဘေး/စီ/မံနဲ့ ၆ လက ဒီနေ့ကနေစပြီးတွက်မယ်လေ။ သူတို့က တရားသူကြီးက မေးတယ်။ မင်းတို့ကို ဘေး/စီ/မံ ၂၉ အရ အပြစ်ရှိလား။ သူတို့ကလည်း အပြစ်ရှိတယ်ဆိုလို့ တရားသူကြီး ၆ လချတယ်။ ၅ဝ၅(ခ)အရ အပြစ်ရှိလားမေးတယ်။ အပြစ်ရှိတယ်လို့ ဝန်ခံတယ်။ ဒါကြောင့် ၂ နှစ်ချတယ်ပေါ့။"ဟု ပြောသည်။

ယခုကဲ့သို့အမိန့်ချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး အယူခံတက်ရန်စီစဉ်ထားသည်ဟုလည်း ဆိုသည်။

ထောင်ချခံလိုက်ရသည့်ကျောင်းသားများအနက် ကိုကျော်နိုင်ဌေး၏အစ်ကို ကိုကျော်မင်းဌေးက "အများကြီးစိတ်မကောင်းဖြစ်ရပါတယ်။ နစ်နာမှုက ဒီလောက်ထိမဖြစ်သင့်ဘူးပေါ့နော်။ ချရင်လည်း တစ်နှစ်လောက်ဆိုတော်သေးတယ်။ သူတို့ကအမှန်တရားအတိုင်းဖြစ်စေချင်လို့ဆန္ဒထုတ်ဖော်တာလေ။ အခုလိုထောင်ဒဏ်ချမှတ်တာတော့ မှားတယ်လို့ထင်တယ်။ သူတို့အမှားအတွက် တစ်ချိန်ချိန်မှာတော့ ပြန်ပြီးပေးဆပ်ရမှာပဲ"ဟု ပြောသည်။

ထောင်ချခံလိုက်ရသည့်ကျောင်းသားများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ကျောင်းသားများသမဂ္ဂ(ဒဂုံတက္ကသိုလ်)မှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။

၎င်းတို့သည် စစ်တွေမြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့မှုကြောင့် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်နိုင်က တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ ၅၀၅ (ခ)နှင့် ဘေး/စီ/မံ ဥပဒေ ပုဒ်မ ၂၉ တို့ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ထောင်ချခံလိုက်ရသည့် ကိုဦးသန်းနိုင်၏ ဖခင်ဦးမောင်အေးထွန်းကလည်း "ကျနော်တို့သားတွေက ဘွဲ့လည်း မရသေးဘူး။ ပညာရေးအတွက် ဆုံးရှုံးတာ တစ်မျိုး၊ လူမှုရေးအတွက် ဆုံးရှုံးတာ တစ်မျိုး၊ မိသားစုအတွက် နစ်နာတာလည်း ရှိတယ်။ အခုလို လုပ်လိုက်တာတဲ့အတွက် အများကြီး ဝမ်းနည်းပါတယ်။"ဟု ပြောသည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်ကလည်း ယခုကဲ့သို့ အမိန့်ချမှတ်ခံလိုက်ရသည်ကို ကျေနပ်မှုမရှိဟု ဆိုသည်။

ဓာတ်ပုံ - ယနေ့တွေ့ရသည့် စစ်တွေမြို့နယ်တရားရုံးမြင်ကွင်း။

ဆက်စပ် သတင်းများ