ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ဝန်ကြီးဟောင်း ဦးမင်းအောင်တို့အမှု သက်သေများကို စစ်ဆေးပြီးနောက် စက်တင်ဘာ ၁၇ ရက် အပြီးသတ်လျှောက်လဲချက်တင်တော့မည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.8k

နောင်ခိုင်အောင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၆ / ၂ဝ၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့၏သက်သေများကို ယနေ့စတင်စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက်တင်ဆုံးဖြတ်တော့မည်ဟု သတင်းရရှိသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ဘက်မှ တရားခံပြသက်သေများအား ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

သက်သေများအား စစ်ဆေးပြီးပြီဖြစ်၍ မနက်ဖြန် စက်တင်ဘာလ ၁၇ ရက်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်တင်ဆုံးဖြတ်တော့မည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့ ဒေါ်သဂီႋမောင်က ပြောသည်။

ဒီနေ့ကတော့ ကိုမင်းအောင်ဘက်က တရားခံပြသက်သေနှစ်ယောက်စစ်တယ်။ သန့်ဇင်ဘက်ကနေပြီးတော့ တရားခံပြသက်သေနှစ်ယောက်စစ်တယ်ပေါ့နော်။ အဲဒီသက်သေတွေအားလုံး ကုန်သွားပြီဖြစ်တဲ့အတွက်ကြောင့် မနက်ဖြန်ရုံးချိန်းမှာတော့ အပြီးသတ်လျှောက်လဲချက်လုပ်မှာဟု ပြောသည်။

ပုံမှန်အားဖြင့် အပြီးသတ်လျှောက်လဲချက်နှင့် နောက်ဆုံး သက်သေစစ်သည့်ရက်တို့မှာ ရက်အနည်းငယ်ကွာခြားမှုရှိခဲ့သော်လည်း ဝန်ကြီးဟောင်းဦးမင်းအောင်ကို စစ်တွေမြို့တွင်ရုံးချိန်းရှိနေသည့်အတွက် ရုံးချိန်းရက်ကို အမြန်သတ်မှတ်လိုက်ခြင်းဖြစ်နိုင်သည်ဟုလည်း ဆိုသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က တောင်ကုတ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဇူလိုင် ၂၆ ရက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။

လက်ရှိတွင် ဦးမင်းအောင်ကို တောင်ကုတ်မြို့နယ်ရှိ ခမရ ၅၄၄ တပ်ရင်းတွင် ထိန်းသိမ်းထားပြီး ကိုသန့်ဇင်ဖြိုးသည် ကျန်းမာရေးဆေးထောက်ခံချက်ဖြင့် ရုံးချိန်းများကို အပြင်မှတဆင့် တက်နေရသည်ဟု သိရသည်။

 

ဆက်စပ် သတင်းများ