အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ဓာတ်ကြိုးပြုပြင်ပြီးစီး၍ ရခိုင်မြို့နယ် ၃ ခုတွင် လျှပ်စစ်မီး ပြန်လည်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.1k

အေးမြတ်ခိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၆/၂၀၂၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးတွင် ပြတ်လုနီးပါးဖြစ်နေသော လျှပ်စစ်ဓာတ်ကြိုးကို ယနေ့တွင် ပြန်လည်ပြုပြင်ပြီးစီးသွားပြီဖြစ်၍ မြို့နယ် ၃ ခုတွင် လျှပ်စစ်မီးပြန်လည်ရရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဓာတ်ကြိုးအား ယနေ့ စက်တင်ဘာလ ၁၆ ရက် နေ့လယ် ၁ နာရီတွင် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ လျှပ်စစ်မီး ပြန်လည်ပေးနိုင်ခဲ့ပြီဟု ရခိုင်ပြည်နယ်မြောက်ပိုင်းမဟာဓာတ်အားလိုင်းတာဝန်ခံ ဦးသိန်းရွှေက နိရဥ္စရာကို ပြောသည်။

"ကြိုးတွေကိုအောက်ချပြီး ကြိုးတွေကိုပြန်ဆက်ပြီးမှ ပြန်တင်ရတာပေါ့။ နေ့လယ် ၁ နာရီလောက်က ပြုပြင်ပြီးစီးလို့ မီးပြန်ပေးလိုက်ပြီ။ စိတ်ချရသွားပါပြီ။"ဟု ပြောသည်။

လျှပ်စစ်မီးပြန်လည်ရရှိနေပြီဖြစ်သည့်မြို့နယ်များမှာ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့တို့ဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာအနီးတွင် ပြတ်လုနီးပါးဖြစ်နေသော လျှပ်စစ်ဓာတ်ကြိုးကိုပြုပြင်ရမည်ဖြစ်သည့်အတွက် အဆိုပါမြို့နယ် ၃ ခုတွင် ယနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ (၈)နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်ဟု လျှပ်စစ်ဌာနက ပြီးခဲ့သည့်ရက်ပိုင်းက ကြေညာခဲ့သည်။

မီးပြတ်ချိန် (၄)နာရီခန့်ကြာမြင့်ခဲ့ပြီးနောက် လက်ရှိတွင် မီးပြန်ရနေပြီဟုလည်း မောင်တောမြို့ခံ ဦးကိုလတ်ထွန်းက ပြောသည်။

ဆက်စပ် သတင်းများ