သဥ္ဇာနွယ်
နိရဥ္စရာ၊စက်တင်ဘာ ၁၇ / ၂၀၂၁
ရခိုင်တို့၏ရှေးဟောင်းသမိုင်းဝင်မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ်မြေများပေါ်တွင်မြေတိုးချဲ့ ပြီး အဆောက်အဦများ ဆောက်လုပ်နေမှုကြောင့် ကမ္ဘာအမွေအနှစ်စာရင်းဝင်ရေး အခက်တွေ့နိုင်သည်ဟုမြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။
“ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့မြောက်ဦးမြို့ကို ကျမတို့လုပ်ဆောင်နေချိန်မှာ လက်ရှိရှိနေတဲ့မြောက်ဦးမြို့ရဲ့ အခြေအနေ တော်တော်ကိုဆိုးဝါးနေပါတယ်။ တောင်တွေကိုဖြိုမှုတွေ၊ အဲဒီ တောင်တွေဟာ ကျမတို့သဘာ၀ တံတိုင်းတွေအဖြစ်နဲ့ ကာကွယ်ရေးကိုအခြေပြုပြီး တည်ခဲ့တဲ့ မြို့ဖြစ်တဲ့အတွက် တောင်ကတံတိုင်းတွေဖြစ်တယ်။ သဘာ၀အမွေအနှစ်တွေဖြစ်တဲ့ တောင်တွေကို ဘတ်ဟိုးတွေနဲ့တူးတယ်။ဒါကြောင့် နဂိုရှိနေတဲ့တောင်တွေကို ဒီနေရာမှာ ရှိခဲ့တယ်လို့တောင်ပြစရာမရှိတော့ဘူး။ တောင်တွေကိုတူးပြီး ထွက်လာတဲ့ မြေတွေကို ကျူံးတွေမှာဖို့ပြီးရင်ဆိုင်ခန်းတွေ ဆောက်ကြတယ်။ တစ်နှစ်အတွင်းမှာ မြင်ကွင်းတွေ ပြောင်းလဲ သွားတယ်။ တော်တော်များများ ကျူးကျော်တာက ဘုန်းကြီးကျောင်းတွေ အများကြီးဆောက်တာ”ဟု ပြောသည်။
လက်ရှိ အချိန်ထိမြောက်ဦးမြို့ရှိတောင်များကို တူးပြီး ကျုံးများကိုဖို့ခြင်း၊ဆိုင်ခန်းငယ်များဆောက်လုပ်ခြင်း၊ဘုန်းကြီးကျောင်းများဆောက်လုပ်ခြင်း၊ ကျုံးများကို တူးပြီး မြေဖို့ခြင်းများ ပြုလုပ်နေကြကြောင်း၊ ရှေးဟောင်းအမွေအနှစ်မြေနေရာများတွင်မြေကျူးကျော်သူများ၊ အဆောက်အအုံဆောက်သူများနှင့် မြေတူးမှုများကို သက်ဆိုင်ရာသို့အသိပေးမှုများရှိခဲ့သော်လည်း တုံ့ပြန်မှုများ မရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။
မြောက်ဦးမြို့နယ်တစ်ခွင်လုံးသည်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖြစ်နေသည့်အတွက် အရေးမကြီးသည့်နေရာများတွင်ဘာသာရေးအဆောက်အအုံများဆောက်၍၇သော်လည်း ရှေးဟောင်း ယဉ်ကျေးမှုမြေနေရာများဖြစ်ပါက လုံး၀ အဆောက်အဦးမဆောက်သင့်ဟုလည်းမြောက်ဦးမြို့ရှိ သာသနာလင်္ကာရကျောင်းမှ ဦးကေသာရက နိရဥ္စရာကို မိန့်သည်။
“ဘာသာရေးကျောင်းတွေဆိုတာလည်းဒီနိုင်ငံမှာ လိုအပ်ပါတယ်။ ဆောက်မယ်ဆိုရင်တောင် ခွင့်ပြုချက်ရမှ ဆောက်ရမှာ။မဆောက်ခင်ကတည်းက ခွင့်ပြုချက်လိုပါတယ်။ ဆောက်ပြီးသွားရင် ပြန်ဖြိုဖို့ကလည်း မလွယ်တော့ဘူး။တချို့ဘုန်းကြီးကျောင်းတွေက ရှိတာလေးတွေနဲ့ ဆောက်ထားတာတွေဆိုတော့လေ”ဟု ပြောသည်။
လက်ရှိတွင်ရခိုင်တစ်မျိုးသားလုံးက တန်ဖိုးထားရမည့် ရှေးဟောင်းသမိုင်းဝင်မြို့တော်မြောက်ဦးမြို့ကို ကမ္ဘာအမွေ အနှစ် စာရင်းဝင်နိုင်ရန်အတွက် အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့သည့် သြဂုတ်လ၃၁ ရက်နေ့က ပြင်သစ်နိုင်ငံသို့တင်သွင်းခဲ့ပြီးဖြစ်ပြီး စက်တင်ဘာလ ဒုတိယအပတ်တွင်ရောက်ရှိသွားပြီဟု သိ၇သည်။
အဆိုပြုလွှာမူချောကို၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်တင်သွင်းပြီးနောက် ယူနက်စကိုအဖွဲ့ တာဝန်ရှိသူများက၂၀၂၃ ခုနှစ်တွင် ကွင်းဆင်းစစ်ဆေးကာ မြောက်ဦးကို ကမ္ဘာဝင်နိုင်အမွေအနှစ် စာရင်း ဝင်နိုင် /မဝင်နိုင်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိ၇သည်။
ယူနက်စကိုအဖွဲ့ကမြောက်ဦးသို့ကွင်းဆင်းလာရောက်မစစ်ဆေးမီ မြေပြင်တွင်လက်ရှိ ဖြစ်ပျက် နေသည့် ဖြေရှင်း၍ မရသေးသောယခုကိစ္စရပ်များကို သက်ဆိုင်ရာက အလျင်အမြန် ကြိုတင် ဖြေရှင်းထားသင့်သည်ဟုလည်း မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီနှင့်ရှေးဟောင်းအမွေအနှစ်ချစ်မြတ်နိုးသူများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ တာဝန်ခံညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက “ဒီလိုကျူးကျော်တဲ့ လက်ရှိအနေအထားက ကျနော်တို့ရှေးသုအနေနဲ့ ဖြေရှင်းရခက်တယ်။ သက်ဆိုင်ရာဌာနတွေက ဝင်ရောက် ဖြေရှင်းမယ်ဆိုရင်ထိန်းချုပ်နိုင်မယ်ထင်ပါတယ်။ ဒေသရဲ့ ဖွံ့ဖြိုးမှုနဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုအပိုင်းမှာအားလုံးပူးပေါင်းပါဝင်မှ အဆင်ပြေမဲ့ကိစ္စလို့ထင်ပါတယ်”ဟု ပြောသည်။
မြောက်ဦးမြို့ကိုအေဒီ ၁၄၃၀ ခုနှစ်တွင် ရခိုင်ဘုရင် မင်းစောမွန်က စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်တိုင်အောင် ရခိုင်ဘုရင်အဆက်ဆက်ထီးနန်းစိုးစံအုပ်ချုပ်ခဲ့ပြီးကြီးကျယ် ခန်းနားခဲ့သည့်မင်းနေပြည်တော် တစ်ခုအဖြစ် ထင်ရှားခဲ့သည်။
အေဒီ ၁၇၈၄ ခခုနှစ်တွင်ရခိုင်ဘုရင် မဟာသမ္မတရာဇာမင်းလက်ထက်၌ ဗမာ ဘုရင်ဘိုးတော်ဘုရား၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံခဲ့၇ပြီးနောက်မြောက်ဦးမင်းနေပြည်တော်လည်း ကျဆုံးခဲ့၇သည်။
ယင်းကဲ့သို့မြောက်ဦးမြို့ရှိ တန်ဖိုးဖြတ်မရသည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များကို အရှည်တည်တံ့နိုင်အောင် ထိန်းသိမ်းရန်လိုအပ်သောကြောင့်မြောက်ဦးကို ကမ္ဘာအမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေရခြင်းဖြစ်သည်ဟုလည်းယူနက်စကိုစာရင်းဝင်ရေးကြိုးပမ်း နေသူများက ပြောသည်။